ယနေ့ မနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုအားမြန်မာအစိုးရစစ်တပ်ကတက်တိုက် ၍ စခန်းတခုလုံး မီးရှို့ပစ်လိုက်ကြောင်း အစိုးရတပ်နှင့် နီးစပ်သည့် လားဟူအမျိုးသားတဦးက ပြောပါသည်။
“မနေ့ကညနေပိုင်းက ကတည်းက တက်ဝိုင်းထားတာ။ ဒီမနက်မှစတိုက်တာ။ သျှမ်းတပ်ဘက်က လူအင်အား
သိပ်မရှိဘူး။ ဆယ်ယောက်တောင်မရှိဘူး။ အစိုးရဘက်က တပ်ရင်း ၂ ရင်းပေါင်းလေ။ စခန်းတခုလုံးကို ဗမာတပ်ကမီးရှို့ပစ်လိုက်ပြီ” - ဟု အဆိုပါ လားဟူ အမျိုးသားတဦးကပြောပါသည်။
ဂျွန် ၁၆ ရက် ယနေ့ နံနက်ပိုင်း ၌ အစိုးရတပ် ခလရ ၂၂၅ နှင့် နားကောင်းမူး အခြေစိုက် ခလရ ၆၅ ပူးပေါင်း
အင်အား ၁၀၀ ကျော်က သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ နယ်ခွဲ အရှေ့မြောက်ဘက်ခြမ်းရှိ
RCSS/SSA ၏ လွယ်ငွမ်းတပ်စခန်းအား တက်တိုက်ကြောင်း၊ သျှမ်းတပ်က ခန်းမှရှောင်ထွက်ပေးသည့်နောက်
အစိုးရတပ်က အဆိုပါစခန်းအား မီးရှို့ပစ်လိုက်ကြောင်း၊ လယ်ကွင်းယာခင်းများအတွင်း ကျည်များကျရောက် သောကြောင့် ကောက်စိုက်နေသည့်ဒေသခံ လယ်သမားများလည်း တိုက်ပွဲမှရှောင်တိမ်း နေရကြောင်း ဒေသခံများက ပြောပါသည်။
“မနေ့က ညနေပိုင်း မိုင်းတုံဘက်အင်အားကား၄ စီးနဲ့လာတဲ့ ခလရ ၂၂၅ က နမ့်ဟူးခွန်မှာ ရှိတဲ့တပ်တချို့နဲ့
လာပေါင်းတယ်။ ဒီမနက် ရ နာရီခွဲကနေ ကျနော်တို့ကိုစတိုက်တာ။ ၁၁ နာရီ ကျော်လောက်မှာ ကျနော်တို့တပ်
ဆုတ်ပေးလိုက်ရတယ်။ သေကြေ ဒဏ်ရာရတာတော့ ကျနော်တို့ဘက်မရှိဘူး။ စိုးရတပ်ဘက်ကတော့မသိဘူး။
ဒီကိစ္စက ကျနော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးကိုအရမ်းထိခိုက်စေတယ်။ အစိုးရဘက်က ကတိမတည်ဘူး။ တိုက်ပွဲဖြစ်ရင် တောင်းပန်တယ်။ ထပ်မဖြစ်ဖို့ကတိပေးတယ်။ ပြီးရင်သူတို့ဖက်က ထပ်ပြီးကျူးလွန်တာဘဲ။ အထူးပြန်လည်သုံးသပ်ရလိမ့်မယ်” – RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
“ကျနော်တို့ဆီမှာခြေစိုက်တဲ့ ဗျူဟာမှူးရဲ့ကား(ဗျူဟာမှူးကိုယ်တိုင်ပါမပါတော့မသိရဘူး) နဲ့ လုံခြုံရေးကား တစ်စီးက ရပ်ကွက် ၃ မှာရှိတဲ့ ဆေးဆိုင်မှာ ဆေးတွေအများကြီဘဲ လာဝယ်သွားတယ်။ သေတာတော့မသိဘူး၊ ဒဏ်ရာတော့ အများကြီးရမယ်ထင်တယ်” - ဟု ပုံပါကျင် ဒေသခံတဦးက ပြောပါသည်။
ယခုတကြိမ်ဖြစ်ပွားသောတိုက်ပွဲသည် ငြိမ်းချမ်းရေးပဏာမအဆင့်သဘောတူညီမှုရရှိသည့် နောက်ပိုင်း အကြိမ်
၂၀ မြောက်တိုက်ပွဲဖြစ်သည်။
တိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က မြန်မာအစိုးရထံ ရှုပ်ချ
ကန့်ကွက်ကြောင်း စာတစောင်ပေးပို့ထားသည်ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
“ဒီကိစ္စကျနော်တို့ဖက်ကနေ မြန်မာအစိုးရနဲ့စစ်တပ်ပိုင်းကို အကြောင်းကြားထားတယ်။ အထက်ပိုင်းက အေးအေးဆေးဆေးဆွေးနွေးလို့ရတဲ့ကိစ္စ ဘာကြောင့်အောက်ခြေတပ်ရင်း တပ်းမှူးတွေကို ဒီလိုလုပ်ခွင့်ပေး ထားတာလဲ - ဆိုတာကိုလဲ မေးမြန်းထားတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ငြိမ်းချမ်းသောလမ်းနဲ့ဘဲ ဖြေရှင်းသွားချင်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဒေသဘက် (ပထမ တကြိမ်) မေ ၂၃ ရက် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိုက်ပွဲထပ် မဖြစ်ဖို့ စစ်တိုင်းနှင့် အောက်ခြေတပ်ရင်းများထံညွှန်ကြားထားပြီးဖြစ်ကြောင်း ဒုကာကွယ်ရေး ဦးစီးချုပ်၊ ဒုဥက္ကဌ ပြည်ထောင်စုအဆင့်ငြိမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဗိုလ်ချုပ် ကြီးစိုးဝင်းက သျှမ်းပြည် တပ်မတော်ထံအကြောင်းကြားခဲ့သည့် နောက်ပိုင်း ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။