ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်သူဟု ယူဆသူများအား အစိုးရမှ လိုက်လံဖမ်းဆီးနေ

ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်သူဟု ယူဆသူများအား အစိုးရမှ လိုက်လံဖမ်းဆီးနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်နေသူများဟု ထင်မှတ်သူများအား လိုက်လံဖမ်းဆီးထားသော ပုဒ်မ ၁၇(၁) အမှုပေါင်း (၂၉) မှု ရှိနေပြီး ယမန် ဖမ်းဆီးထားသူများမှာ ၂၀ ကျော်ရှိနေကြောင်း ကချင်ပြည်နယ် တရားရုံးမှ သိရသည်။

ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်သူဟု ယူဆသူများအား အစိုးရမှ လိုက်လံဖမ်းဆီးနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရကြား ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှစ၍ စစ်ပွဲဖြစ်ပွားပြီး နောက် မြန်မာစစ်တပ်မှ ကေအိုင်အိုနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီး အရေးယူနေခြင်းဖြစ်သည်။

“အခု ဝိုင်းမော်က ၁၇ (၁) အမှုတွေလည်း အားလုံး မြစ်ကြီးနားတရားရုံးချုပ်မှာ စစ်ဆေးနေပြီ။ ဇော်ဆိုင်း အမှုက မပြီးသေးဘူး။ တရားလိုပြ သက်သေ စစ်ဆေးနေတုန်းပါ။” ဟု ပုဒ်မ ၁၇(၁)မှုဖြင့် အဖမ်းခံရသော ဇော်ဆိုင်းအမှုအား ရှေ့နေလိုက်ပေးနေသူ ရှေ့နေဘန်ထွယ်က ပြောသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလမှ စတင်ဖမ်းဆီးနေခြင်းဖြစ်၍ ပြီးခဲ့သည့် မေ လပိုင်းတွင် ပုဒ်မ ၁၇(၁) အမှုမှာ ၂၆ မှု ရှိနေပြီး ယခု ထပ်မံအမှု များလာခြင်းဖြစ်သည်။

ဆက်လက်ပြီး ကေအိုင်အိုနှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးနေဆဲ ကာလတွင် ယခင်ထက် ပိုမိုများပြားလာနိုင်သည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဘွဲဘူက သုံးသပ်ပြောဆိုသည်။

“သက်သေဆိုတာလည်း သူတို့မြင်တာမှ မဟုတ်တာ။ နိုင်ငံရေးပေါ်ပဲ မူတည်တယ်။” ဟု ဒေါ်ဘွဲဘူက ပြောသည်။

ပုဒ်မ ၁၇ (၁) အမှုနဲ့ ပတ်သက်ပြီး ဒုသမ္မတ စိုင်းမောက်ခမ်းကလည်း ဒေါ်ဒွဲဘူအား ၎င်းအမှုဖြင့်ဖမ်းဆီးခံရ သည့် အမှု စာရင်းတင်ပြရန် မေလ (၃) ရက်နေ့တွင် ညွန်ကြားခဲ့သည်။

ထို့ကြောင့် ဒေါ်ဒွဲဘူမှ ပုဒ်မ ၁၇ (၁) အမှုအရ ဖမ်းဆီးစစ်ဆေးနေသည့် အမှုပေါင်း စာရင်းအား ပြည်သူ့ လွှတ်တော်ရုံးမှ တဆင့် သမ္မတ ရုံးသို့ ဇွန်လ (၅) ရက်နေ့တွင် တင်ပြထားသည်။

ပုဒ်မ ၁၇(၁)အမှုသည် အမြင့်ဆုံးထောင်ဒဏ် (၃)နှစ် ရှိသည်။

Most read this week