အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများမှ ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက် ပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော နိုင်ငံခြား ကုမ္ပဏီ ၃ဝဝ နီးပါးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု သိရသည်။
New Myanmar Investment Summit 2012 ကို ဇွန်လ ၂ဝ ရက်နေ့နှင့် ၂၁ ရက်နေ့ တို့တွင် ရန်ကုန်မြို့၊ ပတ်ခ်ရိုင်ရယ် ဟော်တယ်၌ ကျင်းပမည် ဖြစ်ကြောင်း စီစဉ်ကျင်းပမည့် စင်္ကာပူ အခြေစိုက် Centre for Management Technology (CMT) ကုမ္ပဏီမှ အဆင့်မြင့် အရာရှိတဦးက ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကဏ္ဍစုံ၊ နိုင်ငံပေါင်းစုံက နိုင်ငံခြားကုမ္ပဏီ ၃ဝဝ နီးပါးက ကိုယ်စား လှယ် တွေ တက်ရောက်လာပါလိမ့်မယ်။ အမေရိကန်၊ တရုတ်၊ ကနေဒါ၊ ဂျပန်၊ အိန္ဒိယ၊ ယူကေ၊ အီတလီ၊ ဗီယက်နမ်၊ စင်္ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မလေးရှား၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေက ကုမ္ပဏီ ကိုယ်စားလှယ်တွေပါ” ဟု CMT ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ အရာရှိတဦးက ဆိုသည်။
တက်ရောက်လာမည့် ကုမ္ပဏီများ၏ ၂၂ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများဖြစ်ပြီး ၁ဝ ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ကဏ္ဍအတွက် ဖြစ်သည်။ ၂၅ ရာခိုင်နှုန်း မှာ စီးပွားရေး ကော်ပိုရေးရှင်းကြီးများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတိုင်ပင်ခံများ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်များနှင့် ဥပဒေရေးရာ ကုမ္ပဏီများမှ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ကျန်တဲ့ ကုမ္ပဏီတွေကတော့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းက ၁၁ ရာခိုင်နှုန်း၊ အိမ်ခြံမြေဆိုင်ရာ ကဏ္ဍက ၈ ရာခိုင်နှုန်း၊ သတ္တု တူးဖော်ရေးနဲ့ စွမ်းအင်ကဏ္ဍက ရ ရာခိုင်နှုန်းစီ၊ ဆက်သွယ်ရေးကဏ္ဍက ၁ ရာခိုင်နှုန်းနဲ့ အခြား ကဏ္ဍစုံက ၉ ရာခိုင်နှုန်း ရှိပါတယ်” ဟု CMT အရာရှိက ဆိုသည်။
အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အဓိက စိတ်ဝင်စားမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်၊ မြေယာ အသုံးပြုခွင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးကဏ္ဍ၊ နိုင်ငံခြား ချေးငွေတို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မြန်မာကုမ္ပဏီများတွင် အစုရှယ်ယာ ဝယ်ယူခွင့်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များကိုယ်စား ပြည်တွင်းလုပ်ငန်းရှင်များက ကိုယ်စားပြု လုပ်ကိုင်နိုင်မည့် အတိုင်းအတာနှင့် မည့်သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ဖို့ လိုမလို စသည့် ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ကံဇော် က အဖွင့်မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
၎င်းနောက် ‘ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်နှင့် နိုင်ငံခြားကုမ္ပဏီများအတွက် အခွင့်အလမ်းများ’ အကြောင်း ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်/ချုပ် ဦးအောင်နိုင်ဦး က ဆွေးနွေးမည် ဖြစ်သည်။
ထို့ပြင် စက်မှုဝန်ကြီးဌာနမှ ဒုညွှန်/မှုး ဒေါ်တင်တင်ထူး၊ စွမ်းအင်စီမံကိန်း ဌာနမှ ညွှန်/ချုပ် ဦးထင်အောင်၊ သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်/မှူး ဦးဝင်းထိန်နှင့် ညွှန်/မှုး ဦးကျော်သက်တို့လည်း စာတမ်းများ ဖတ်ကြား ကြမည် ဖြစ်သည်။
အစည်းအဝေးပြီးနောက် ဖက်စပ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ဆိုင်ရာ သဘောတူညီချက်များအကြောင်း အလုပ်ရုံဆွေးနွေးပွဲကို အာရှပစိဖိတ် စီးပွားရေးဆိုင်ရာ ဥပဒေ အကျိုး ဆောင် ရှေ့နေ Alessio Polastri က ဦးဆောင် ဆွေးနွေးမည် ဖြစ်သည်။
“နိုင်ငံခြား ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေအနေနဲ့ ပြည်တွင်း စက်မှုလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေ၊ ကိုယ်စားလှယ်ကြီးတွေနဲ့ ဖြန့်ချိရေး ကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး ဖက်စပ်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ဖို့ ဆွေးနွေးတာတွေ လုပ်ပါလိမ့်မယ်” ဟု ဟောင်ကောင် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ အကြံပေး ကုမ္ပဏီ Bagan Capital မှ ဒါရိုက်တာ မစ္စတာ အီဗလင် ပက်ကော့ က ဆိုသည်။
ထိုဆွေးနွေးပွဲတွင် ဖက်စပ်ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူညီချက်များ၊ သင့်တော်မည့် ဖက်စပ် ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်ရေးနှင့် အသိပညာ အတတ်ပညာဆိုင်ရာ မူပိုင်ခွင့်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ဖက်စပ် ကုမ္ပဏီများကို အကာအကွယ်ပေးမှုဆိုင်ရာများ၊ ကိုယ်စားလှယ် ကုမ္ပဏီများနှင့် ကုန်ပစ္စည်း ဖြန့်ချိရေးဆိုင်ရာ များကို ထည့်သွင်းဆွေးနွေးဖွယ် ရှိကြောင်း မစ္စတာ အီဗလင် ပက်ကော့ က ဆိုသည်။
မြန်မာ့ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံ တည်ဆောက်မှုပိုင်းဆိုင်ရာ ထိပ်တန်း ဆွေးနွေးပွဲ Into Myanmar: Agri Trade, Investments & Infrastructure Global Summit 2012 ကို ဇူလိုင်လ ၂၅ နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပရန်ရှိပြီး အစိုးရ အရာရှိများနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါ ဇွန်လနှင့် ဇူလိုင်လ မြန်မာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲများတွင် မဇ္စျိမ အနေနှင့် မီဒီယာ မိတ်ဖက် အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။