တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ကချင်ဒုက္ခသည်များအား အစိုးရရဲများဖမ်းဆီး

တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ကချင်ဒုက္ခသည်များအား အစိုးရရဲများဖမ်းဆီး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အနောက်တောင်ဘက် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ စစ်ပြေးဒုက္ခသည် ၄ ဦးနှင့် ဒေသခံနှစ်ဦးကို မြန်မာအစိုးရ အာဏာပိုင်များက မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများပြောသည်။

ကေအိုင်အို လိုင်ဇာဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော ကချင်အမျိုးသမီးတဦး
ပြီးခဲ့သည့် မေလအတွင်း ဆွတ်လဲန်ယန် (Sut Len Yang) ရွာနားတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရွာသား ၄ ဦး မိုးကောင်း စစ်ပြေးဒုက္ခသည်စခန်းသို့ တိမ်းရှောင်ရန် အသွား ဆားမှော်တွင် တညအိပ်နားစဉ် ရဲများ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၄င်းတို့ကို ဆားမှော်မြို့ရှိ ဒဘန်လ (Dabang La) နေအိမ်နှင့် အခြားနေအိမ်များတွင်ရှိနေစဉ် ဇွန်လ ရ ရက်နှင့် ၉ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ရဲများ ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းဒေသခံများ ပြောသည်။

ဇွန် ရ ရက်နေ့ည ဖမ်းဆီးသွားသော ဒုက္ခသည် ၄ ဦးမှာ ဆွတ်လဲန်ယန် (Sut Len Yang) ကျေးရွာမှ  ဦးမရူအောင် (Maru Awng)၊ ဦးလဗျမာဒီး (Labya Ma Di)၊ ဦးစံထူး နှင့် ဆားမှော် ရပ််ကွပ်(၄) မှ မောင်ဒဘန်မာဒွတ်် (Damau Ma Dut) (၈တန်းကျောင်းသား) တို့ဖြစ်၍ ဇွန် ၉ ရက်ညတွင် ဖမ်းဆီးသွားသော ၂ ဦးမှာ ဆားမှော်ရပ်ကွက်မှ  ဦးဒဘန်လ(အသက် ၈၇) နှင့် ဦးဘရန်ခွမ်တို့ဖြစ်ကြသည်။

ထိုသူများအားဖမ်းဆီးရန် မိုးကောင်းအခြေစိုက် မြို့နယ်မှူး ရဲအုပ်နှင့် ရဲသား ၃၀ ဦးတို့သည် မိုးကောင်း အခြေစိုက် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ) အမိန့်ပေးခြင်းဖြစ်ကြောင်းဒေသခံတစ်ဦး မှသိရသည်။

ယခုချိန် ၎င်းတို့အား မိုးကောင်း စကခ ရုံးသို့ ဖမ်းဆီးစစ်ဆေးနေပြီး ထိုသူများထဲမှာ ဦးဘရန်ခွမ်တစ်ဦးကိုသာ နောက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ဦးဒဘန်လကိုမူ မိုးကောင်းမြို့နယ် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်း ထားကြောင်း အခြေအနေစုံစမ်းနေသော ဒေသခံတစ်ဦးပြောသည်။

မည်သည့်ပြစ်မှုဖြင့် ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုမူ ယခုချိန်ထိ မသိရသေးကြောင်း သူကဆက် ဆိုသည်။

“၇ ရက်ညမှာ ရဲအုပ်နဲ့ ရဲသား ၃၀ လာပြီး ဆားမော်ဘုရားကျောင်းမှာ အရင်လာစစ်တယ်။ စစ်ပြေးဒုက္ခသည် ရှိလားဆိုပြီးတော့ မတွေ့တော့ ရွာဘက်ကိုပြန်သွားစစ်တယ်။ သူတို့ဆွေမျိုးတွေအိမ်မှာ လာတည်းနေတဲ့လူ တွေလေ  ညရောက်လာတော့ ဧည့်စာရင်းတွေတိုင်လို့မရတော့ဘူးလေ။ အေး..အဲလိုမျိုးတွေကိုခေါ်သွား တယ်။ ဘာဖြစ်လို့ခေါ်သွားတယ်ဆိုတာတော့မသိဘူး။” ဟု ပြောသည်။

မြန်မာအစိုးရစစ်တပ်များသည် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ အစိုးရအုပ်ချုပ်နယ်မြေရှိ စစ်ပြေးဒုက္ခသည် ခိုလှုံနေကြသောစခန်းများတွင် မသင်္ကာသူများကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှု များပြုလုပ်နေသောကြောင့် ဒုက္ခသည်များသည် လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေကြသည်။  ကချင်ပြည်နယ်တွင် ပုဒ်မ ၁၇ (၁) ဖြင့်ဖမ်းဆီးမှုသည် နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေကြောင်း ရဲစခန်းနှင့်နီးစပ်သူ များပြောသည်။

ထို့ပြင် ဖမ်းဆီးခံရသော မသင်္ကာသူဒေသခံအား ရဲများသည် ဒုက္ခသည်စခန်းအတွင်းနှင့် ရဲစခန်းထဲတွင် ရိုက်နှက်စစ်ဆေးကာ မေးမြန်း၍ ရက်အကန့်အသတ်မရှိချုပ်ထားကြောင်း ဖမ်းခံခဲ့ရသူများပြောသည်။

၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားရုံးမှ ခွင့်ပြုချက်မရရှိပဲ ၂၄ နာရီထက် ကျော်လွန်ကာ ဖမ်းဆီး ထားခွင့်မရှိကြောင်းပါရှိသည်။

ယခုထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များသည်လည်း ဆွတ်ငိုင်ယန်ရွာနားတွင်တိုက်ပွဲဖြစ်ပွား မှုကြောင့် မိုးကောင်းမြို့နယ်ရှိ ဒုက္ခသည်စခန်း ၃ ခုတို့တွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေတပ်ဖွဲ့ KIA တိုက်ပွဲများကြောင့် မိုးကောင်းမြို့သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် လူဦးရေ ၂၀၀ ကျော်ရှိပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း မိုကောင်းဒုက္ခသည်စခန်းတွင် ကူညီစောင့်ရှောက်ပေးနေသူ ဆရာအောင်နန်ပြောသည်။

ယခုချိန်ထိ ဒုက္ခသည်များ၏ နေရာထိုင်ခင်းများနှင့် အစားအသောက်များအတွက် များသောအားဖြင့် ဘာသာရေးအသင်းဖွဲ့မှတာဝန်ယူဆောင်ရွက်ပေးနေပြီး အခြားအဖွဲ့အစည်းများမှအကူအညီ ရောက်မလာ သေးချိန် ဒုက္ခသည်များသည် အာဏာပိုင်များဖမ်းဆီးမှုလည်း ခံနေရခြင်းဖြစ်ကြောင်းသိရသည်။

Most read this week