လုံခြုံရေး တိုးမြှင့်ထားသော်လည်း ဘင်္ဂလာ ရခိုင်များ စိုးရိမ်မူ တိုးပွား

လုံခြုံရေး တိုးမြှင့်ထားသော်လည်း ဘင်္ဂလာ ရခိုင်များ စိုးရိမ်မူ တိုးပွား
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ် အစိုးရမှ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော မတည်ငြိမ်မူများကြောင့် သူ့နိုင်ငံ အတွင်းရှိ ရခိုင်ကျေးရွာများတွင် လုံခြံုရေး တိုးမြှင့်ချထားသော်လည်း ရခိုင်အမျိုးသားများ အကြား စိုးရိမ်စိတ် တိုးပွားနေကြောင်း သတင်း ရရှိသည်။

The-Rakhain-tribe-of-Bangladesh
ဇွန်လ ၁၅ ရက် သောကြာနေ့  ဗလီတက် ၀တ်ပြု ဆုတောင်းပွဲ အပြီး တစ်ခုခု ဖြစ်လာမည်ကို ဒေသခံ ရခိုင်အမျိုးသားများ အကြား စိုးရိမ်မူများရှိနေကြောင်း ဒေသခံများက ပြောသည်။

“ ဟုတ်။ မဟုတ်တော့ မသိဘူးဗျာ။ မနက်ဖြန် သောကြာနေ့မှာ ဗလီတွေမှာ ရခိုင် ဖြစ်တဲ့ ကိစ္စနဲ့ အစည်းအဝေး လုပ်မယ်ဆိုပြီး ကောလဟလတွေ ထွက်နေတဲ့ အတွက် ဒီမှာရှိနေတဲ့ ရခိုင်တွေကို တစ်ခုခု ပြဿနာများ  ရှာလာမလားဆိုပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့  စိုးရိမ်မူများကြောင့် ကော့စ်ဘဇားရှိ သိမ်ကျောင်းတွင် ရခိုင်အမျိုးသားများက အစည်းအဝေး တစ်ရပ် ပြုလုပ်လိုကြောင်း ခရိုင်ကော်မရှင် မင်းကြီးကို တင်ပြရာ ပြုလုပ်ခွင့် မပေးကြောင်း၊ လုံခြံုရေး အတွက် စိုးရိမ် စရာ မရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းပြင်  ဇွန်လ ၁၃ရက်နေ့က တက်ကနက်နှင့် ကော့စ်ဘာဇားမြို့ အကြား ပြေးဆွဲနေသော ကားတွင် လိုက်ပါလာသူ ရခိုင်တချို့ ပျောက်ဆုံးသည်ဆိုသော ကောလဟလ သတင်းထွက်ပေါ်နေသဖြင့် ဒေသခံ ရခိုင်များ အကြား စိုးရိမ်မူများ တိုးပွားကာ ကော့စ်ဘဇား မြို့တွင်းနှင့် မြို့ပြင်သို့ သွား လာမှု နည်းပါးသည်ကို တွေ့နေရကြောင်း ပြောသည်။

ကော့စ်ဘဇားခရိုင်ရှိ ရခိုင်အမျိုးသားများ နေထိုင်ရာ ငယှက်ကြီးကျေးရွာအား ဇွန်လ ၁၅ရက်နေ့တွင် တိုက်ခိုက်မည် ဆိုသည့် ကောလဟလ သတင်းများကြောင့် ကျေးရွာသားများ အကြောင်းကြား၍ ဘင်္ဂလာရဲတပ်ဖွဲ့ မှ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး စိုးရိမ်စရာ မရှိကြောင််း၊ လူစိမ်းများ ၀င်ရောက်ပါက ချက်ချင်း အကြောင်းကြားရန်  ပြောကြားခဲ့သည်ဟု  သိရသည်။

၄င်းနည်းတူ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်နှင့် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင် သက်ဆိုင်ရာမှ အိမ်ထောင်စု စာရင်းကောက်ခံ နေကြောင်း သိရသည်။

“ရွာတော်မြို့မှာ ခုဆို လူတွေကို စစ်ဆေးနေပါတယ်။ လာမား၊ အလယ်ခွာတောင်၊ ယောင်သာ၊ ဆောင်း ကူဝ၊ အင်းသုံးဆယ်နဲ့ တခြားရွာတွေမှာ အိမ်ထောင်စု စာရင်းအတိအကျ ကောက်နေပါတယ်။ ကိုယ့်နိုင်ငံသား မဟုတ်တဲ့ တချို့လူတွေကို ဖမ်းဆီးသွားတာ ရှိနေပါတယ်” ဆောင်းကူဝ ရွာမှ ကိုအောင်သိန်းနုက ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ ကော့စ်ဘဇားခရိုင်တွင် လူနည်းစု ရခိုင်များ အများဆုံး နေထိုင်ကြပြီး ယခင်က တစ်ကြိမ်မျှ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၁၉၄၂ ခုနှစ်တွင် ရခိုင်ဘက်တွင် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းများ ပေါ်ပေါက်ခဲ့သော်လည်း ထိုအချိန်က ဗြိတိသျှတို့ အုပ်စိုးသော ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင် တစ်စုံတစ်ရာ ပြဿနာ ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Most read this week