အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် ဇွန်လ ၁၄ ရက်နေ့က နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတခု လည်း ပြုလုပ်ခဲ့သည်။
မိန့်ခွန်းတွင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှ အသွင်ပြောင်း အရေခွံလဲလာသည့် နိုင်ငံများနှင့်ဆင်တူကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်သည်။
၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ILO ညီလာခံတွင် တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ခံတပိုင်း အစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး တောင်အမေရိက နိုင်ငံများနှင့် အလား သဏ္ဍာန်တူကြောင်း ILO ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံတကာ ပရိသတ်ကြီးအား NLD ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်နေသော်လည်း ယခုမိန့်ခွန်းမှာ မြန်မာအစိုးရကိုယ်စား မဟုတ်ကြောင်း ပြောဆိုလိုက်ရာ ညီလာခံခန်းမရှိ ပရိသတ်ကြီးမှာ ရယ်သံများ၊ သြဘာသံများ သောသောညံသွားခဲ့သည်။
နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီးနောက် ခေတ္တနားပြီး သတင်းစာရှင်းလင်းပွဲတခုလည်း NLD ဥက္ကဋ္ဌက ပြုလုပ်ခဲ့သေး သည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် လူအများ စိတ်ဝင်တစား ရှိနေကြသည့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိ သော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ရိုဟင်ဂျာအရေး တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားသေးသည်။
ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ မဟုတ်ကြောင်း မြန်မာအစိုးရက ကြေညာထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဇွန်လ ၈ ရက်နေ့မှ ၁၁ နေ့အထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု နိုင်ငံပိုင် သတင်းစာများက ရေးသားသည်။ ယင်းအပြင် လူနေအိမ် ၁၆၆၂ လုံး၊ ဆိုင်ခန်း ခြောက်ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီးတို့လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ ဇွန်လ ၁၅ ရက်နေ့တွင် သွားရောက်ကာ ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုအား ကိုယ်တိုင်လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့သို့ သွားရောက်ကာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ချီးမြှင့်ထားပြီး ဖြစ်သည့် Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။ ထိုဆုကို U2 ခေါင်းဆောင် ရော့ခ်အဆိုတော် Bono က ပေးအပ်ရန် စီစဉ်ထားသည်။
ထိုနေ့တွင်ပင် ဗြိတိန်နိုင်ငံသို့ ခရီးဆက်၍ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်မည် ဖြစ်သည်။ ထိုအတောအတွင်း ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၇ နှစ်မြောက် မွေးနေ့ကိုလည်း သားနှစ်ယောက်နှင့်အတူ ကျင်းပရန်ရှိပြီး ဇွန် ၂၁ ရက်နေ့တွင် ဗြိတိန် လွှတ်တော်နှစ်ရပ်သို့ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ထို့ပြင် BBC Reith lectures တွင် “သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှု” ဟူသည့် ခေါင်းစဉ်ဖြင့် ပို့ချရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အလွန်နှစ်သက်သော BBC တေးဂီတ အစီအစဉ်တခု ဖြစ်သည့် A Jolly Good Show ၏ အစီအစဉ်မှူး Hairy Cornflake နှင့်လည်း တွေ့ဆုံနိုင်မည် ဖြစ်သည်။
ယခုခရီးစဉ်၏ နောက်ဆုံးနိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် သမ္မတ Francois Hollande ၏ ဧည့်သည်အဖြစ် ဇွန်လ ၂၉ ရက်နေ့ထိ နေထိုင်မည် ဖြစ်သည်။
ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးများသို့ ဇူလိုင်လ ၄ ရက်နေ့တွင် စတင်တက်ရောက်ဆွေးနွေးနိုင်မည် ဖြစ်သည်။