အစာခြောက်အန္တရာယ် ဒုက္ခသည်စခန်းများတွင် ပညာပေး

အစာခြောက်အန္တရာယ် ဒုက္ခသည်စခန်းများတွင် ပညာပေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့စစ်ဘေးဒုက္ခသည် စခန်းများတွင် အဆင်သင့်ပြုလုပ်ထားသော အစာ ခြောက်များ (Readymade) စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေသောကြောင့်ကျန်းမားရေး နှင့် ပတ်သက်သော အသိပညာပေးအစီစဉ်ကို ကချင်လူငယ်များမှ စခန်းအသီးသီးတွင်ပြုလုပ် နေကြောင်း အဖွဲ့ဝင်များပြောသည်။

မြစ်ကြီးနားမြို့ ကချင်ခရစ်ယာန်အသင်းတော် တပါးရှိ စစ်ပြေးဒုက္ခသည်များကို အစာခြောက်အန္တရာယ် ပညာပေးနေပုံ။
အဆင်သင့်ပြုလုပ်ပြီး အစာခြောက်များကို စားသုံးမှုများသော ဒုက္ခသည်စခန်းများတွင် အလွန်အကျွံစားသုံး ခြင်းအားဖြင့် အသက်အန္တရာယ်ထိခိုက်လာနိုင်ကြောင်း သိစေရန် ပညာပေးခြင်းဖြစ်သည်ဟု အဖွဲ့ဝင် ကချင်လူငယ် ကိုဇိုင်းဒူပြောသည်။

“Readymade အစားအစာကို စားခြင်းဖြင့် ခုနောက်ပိုင်းမှာ အသက်ငယ်တဲ့ လူငယ်တွေ သေတာများလာ တယ်။ Readymade အချိုရည်ဗူးနဲ့ အစားအစာကမစားကောင်းဘူး။” ဟု ၄င်းကဆိုသည်။

မိမိပတ်ဝန်းကျင်တွင်ရှိသော သဘာဝ ဟင်းသီးဟင်းရွက်များကို တန်ဖိုး သိရှိနားလည်လာပြီး စားသုံးတတ်ရန် အသေးစိတ်ရှင်းပြခဲ့သည့်အတွက် ဒုက္ခသည်များလည်း ကျေနပ်အားရခဲ့သည်ဟု ဒုက္ခသည်များပြောသည်။

“ဒီလိုမျိုး ပညာပေးသွားတဲ့အတွက်ကြောင့် ပညာတွေရတယ်။ နောက်လည်း ဒီလိုမျိုးဟောပြောပညာပေးပွဲကို နေရာတိုင်းမှာဆက်လက် ပြုလုပ်ရန်တကယ်လိုတယ်။” ဟု ကျွန်းပင်သာ ဒုက္ခသည်စခန်းမှ ကိုဇော်ခွန်း ပြောခြင်းဖြစ်သည်။

အစာခြောက်များသည် ချိုချဉ်၊ နို့ခြောက်၊ခေါက်ဆွဲခြောက်၊ဖျော်ရည်၊ အသားသွတ်ဗူးများ စသဖြင့် စားသုံးကုန်မုန့်ခြောက်များဖြစ်၍ များသောအားဖြင့် တရုတ်ပြည်မှတင်သွင်းလာသော စားသုံးကုန်များဖြစ်ပြီး စျေးသက်သက်သာသာဖြင့် ၀ယ်ယူနိုင်သောကြောင့် ဒေသခံများ ပုံမှန်ဝယ်ယူစားသုံးနေကြသောအစာ များဖြစ်သည်။

အစာခြောက် မုန့်ခြောက်များစားသုံးမှုကြောင့် ဒေသခံများ ကျမ်းမာရေးထိခိုက်ပြီး အသက်အန္တရာယ် ဖြစ်စေခဲ့ကြောင်းသိရသော်လည်း သေဆုံးမှု အရေအတွက်ကိုမူ မသိရသေးပေ။

၎င်းကျမ်းမာရေး အသိပညာပေးအဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် ကချင်လူငယ်များဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုအချိန် အသိပညာပေးအစီစဉ်တွေကိုု မြစ်ကြီးနားဒုက္ခသည် စခန်းများအားလုံးသို့ သွားရောက်ပညာပေးခဲ့ပြီး ဖြစ်ကြောင်း အဖွဲ့ဝင် ကိုထွယ်အောင် KNG ကချင်သတင်းဌာနသို့ပြောပြခဲ့သည်။

ယနေ့တွင် ဝိုင်းမော်စစ်ဘေး ဒုက္ခသည်စခန်းနှင့် မြစ်ကြီးနား ကျွန်းပင်သာစခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most read this week