SNLD အမည်ရင်းအတိုင်း မှတ်ပုံတင်ကျ

SNLD အမည်ရင်းအတိုင်း မှတ်ပုံတင်ကျ
by -
မဇ္စျိမ

ယခင် ၁၉၉ဝ ရွေးကောက်ပွဲဝင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အား မူလအမည်အတိုင်း ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၁၂ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် က ပြောသည်။

“မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပေးလိုက်တဲ့ စာကို တိုင်း ကော်မရှင်က လာပို့ပါတယ်။ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီဝင်အင်အား တထောင်ကို ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြရဦးမယ်။ ဒါမှ လုံးဝ အသိအမှတ်ပြု ခံရတဲ့ နိုင်ငံရေးပါတီ ဖြစ်မယ်” ဟု မဇ္စျိမကို ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲဝင် ပါတီများ ပြန်လည်မှတ်ပုံတင်ကြရာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) အား မွန်ဒီမိုကရေစီပါတီ (MDP) အမည်ဖြင့်လည်းကောင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက် (Zomi National Congress) အား Zomi Nationalities Congress ဟုလည်းကောင်း အမည်များ ပြောင်းလဲမှတ်ပုံတင်ခွင့်ပြု ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် SNLD တို့ကို မူလ အမည်များအတိုင်း ပြန်လည် မှတ်ပုံတင်ခွင့် ရခဲ့ခြင်းဖြစ်သည်။

SNLD မှတ်ပုံတင်ခွင့် ရပြီ ဖြစ်၍ လက်ရှိတွင် ၎င်းပါတီ အပါအဝင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ယခု နှစ်ဆန်းပိုင်းက ပါတီထောင်ခွင့် ရရှိခဲ့သည့် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ဟူသည့် ရှမ်းတိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီ သုံးခု ရှိပြီ ဖြစ်သည်။

ရှမ်းပါတီ သုံးခု ရှိသော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲကွဲခြင်း၊ မဲဆန္ဒရှင်များ ဝိဝါဒ ကွဲပြားခြင်း ဖြစ်ပေါ်သွားမည်ကို မစိုးရိမ်ကြောင်း၊ ပါတီပေါင်းစည်းနိုင်ရေးအတွက် အချိန်ယူကာညှိနှိုင်းဆွေး နွေးသွားကြမည် ဖြစ်ကြောင်း စိုင်းလိတ်က ပြောသည်။

“နိုင်ငံရေး နည်းပရိယာယ် ကြွယ်ကြွယ်နဲ့ အပေးအယူ လုပ်တတ်မယ်ဆိုရင် ဒီပြဿနာဟာ ရှင်းသွားနိုင်ပါတယ်။ ဒါမှမဟုတ် အဲဒီအချိန်မှာ ရှမ်းပါတီ သုံးခု၊ တခုတည်း ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူမှ ကံသေကံမ ပြောလို့မရပါဘူး။ ဒါ့ကြောင့် ဒီသုံးနှစ်ကို အချိန်ယူပြီးတော့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးသွားမှာပါ” ဟု ပြောသည်။

လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP တွင် ပါဝင်သည့် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီများနှင့် ယခင်က ရှိနှင့်ခဲ့သည့် စည်းလုံးညီညွတ်မှုကို ပြန်လည် တည်ဆောက်သွားမည်ဟုလည်း ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံသဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံတင်ခြင်း မပြုသည့်အတွက် ဖျက်သိမ်းခံထားရသည့် SNLD သည် ပါတီပြန်လည်တည်ထောင်ခွင့် ရရန် မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

SNLD သည်  ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့ကာ တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သည့် ပါတီကြီး ဖြစ်သည်။

၂ဝဝ၃ ခုနှစ်က စတင်ခဲ့သည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေးကို ဖွဲ့စည်းပုံတွင် ထည့်သွင်းထားခြင်း မရှိသည့်အတွက် ၂ဝဝ၄ ခုနှစ်တွင် ညီလာခံမှ သပိတ်မှောက် ထွက်ခွါခဲ့သည်။

၂ဝဝ၄-ဝ၅ ခုနှစ်တွင် မတရားအသင်း ဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှု စသည့် စွပ်စွဲချက် များစွာဖြင့် ယခင်စစ်အစိုးရ၏ စွပ်စွဲခြင်း ခံရပြီး ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခံရသည်။

ပါတီခေါင်းဆောင်များကို ပြန်လွှတ်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု အရိပ်အယောင် ကို မြင်တွေ့ရခြင်းကြောင့် SNLD အနေနှင့် ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week