ဒုက္ခသည်များကိုအောက်မေ့သောအားဖြင့် ဆားနယ်ထမင်းများစား

ဒုက္ခသည်များကိုအောက်မေ့သောအားဖြင့် ဆားနယ်ထမင်းများစား
by -
ကချင်သတင်းဌာန

ဒုက္ခသည်များကိုအောက်မေ့သောအားဖြင့် ဆားနယ်ထမင်းများစား

မကြာသေးခင်က ဖွဲ့စည်းလိုက်သည့် ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့သည် ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားမှု တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆုတောင်းပွဲ အစီအစဉ်ဦးဆောင်ကျင်းပရာ စစ်ပြေးဒုက္ခသည်များကို သတိရသောအနေဖြင့် ဆားနယ်ထားသော ထမင်းထုပ်ကို ဝေခဲ့ကြသည်။

one-year-kachin-war-3_600_400
အစီအစဉ်အား ရန်ကုန်မြို့ ရွှေပုံတိုင် အလယ်လမ်း ဒို့ရိုးရာစားသောက်ဆိုင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတပ်များကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် တနှစ်ပြည့်သောနေ့ ဇွန် (၉)ရက်မှာ ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး အဖွဲ့ဝင်ဖြစ်သူ ဒေါ်နန်ပူ ပြောသည်။

“ဆားဘဲထည့်ထားတဲ့ ထမင်းထုပ်ကိုဝေတယ်။ ပြီးတော့ အဲဒါကိုစားတယ်။ ဒုက္ခသည်တွေလည်း ဒီလိုပဲစားတယ်ဆိုတာကို သိဖို့အတွက် ဒီလိုလုပ်တာဖြစ်တယ်။” ဟု ပြောသည်။
one-year-kachin-war-6_600_400
ထို့ပြင် အခမ်းအနားပြုလုပ်သော အဝင်လမ်းတွင်လည်း ဒုက္ခသည်များဝတ်ခဲ့သည့် အကျႌဟောင်းများနှင့် ဓါတ်ပုံများကိုခင်းထားကြောင်း ၎င်းအစီအစဉ်သို့ ပါ၀င်သက်ရောက်ခဲ့သူတစ်ဦးပြောသည်။

“ဒုက္ခသည်တွေရဲ့ အကျႌတွေခင်းထားတဲ့အပေါ်ကနေ နင်းပြီးသွားရတယ် တချို့ကနင်းပြီးသွားကြတယ်။ တချို့က မနင်းဘူး ဘေးနားမှာ နည်းနည်းလွတ်နေတယ် အဲဒီကနေသွားကြတယ်။ အဲဒီမှာလာရောက်ကြတဲ့ တချို့လူတွေက ကျနော်တို့ကချင်ပြည်မှာ တွေ့ကြံုနေရတဲ့ အဖြစ်အပျက်တွေကို မသိကြဘူး။ အဲဒီအစီအစဉ်မှာ ဓါတ်ပုံနဲ့ပြမှ အများစိတ်ဝင်စားလာကြတယ်။” ဟု ပြောသည်။

အစီအစဉ်တွင် ဘာသာရေးခေါင်းဆောင် ၄ ဦးမှ ဆုတောင်းခြင်း၊ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ငြိမ်းချမ်းရေးအကြောင်းဟောပြောခြင်း၊ တိုက်ပွဲဖြစ်ရခြင်း၏ သမိုင်းကြောင်း၊ ပင်လုံစာချုပ်အကြောင်းနှင့် ဒုက္ခသည်များ အကူအညီနှင့် အခက်ခဲများကို ဆရာမခေါန်ဂျာမှ ပြောပြခဲ့ကြောင်းသိရသည်။
one-year-kachin-war-10_600_400
ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့သည် လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်သူလူထု၏အခန်းကဏ္ဍလိုအပ်ချက်၊ အသံများကို ကချင်ငြိမ်းချမ်းရေးကွန်ယက် မှတဆင့် သမတ္တဦးသိန်းစိန်အစိုးရထံ ပြောဆိုတင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကချင်လူငယ်အဖွဲ့ဝင် ၂၀ ဦးခန့်ဖြင့် ၂၀၁၂ မေလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဒေါ်နန်ပူ ပြောသည်။
one-year-kachin-war-11_600_400
၄င်းအစီအစဉ်တွင် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ မနောအလှဂီတညအဖွဲ့များ၊ Rau Sha ကချင်ဂီတအနုပညာ အဖွဲ့များ၊ BARS ကျောင်းသူကျောင်းသားများ၊ သက္ကသိုလ်ကျောင်းသူကျောင်းသားများ၊ မြန်မာနိုင်ငံ ခရစ်ယာန် ကောင်စီများ၊ MIT၊ MICT၊ Holy Cross မှ ကျောင်းသူကျောင်းသားများ စသည့်ဖြင့် အဖွဲ့အစည်း ၁၀၀ ကျော်အပါအဝင် လူမျိုးပေါင်းစုံ တက်ရောက်ခဲ့ရာ အယောက် ၁ ထောင်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most read this week