လတ်တလော ဖြစ်ပျက်နေသည့် ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာအချို့ ရေးသားဖော်ပြနေခြင်းမှာ တည်ဆဲဥပဒေ၊ ပြန်ကြားရေး မူဝါဒများနှင့် ငြိစွန်းနေကြောင်း ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က မီဒီယာသမားများကို ပြစ်တင် သတိပေးလိုက်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စများနှင့်ပက်သက်၍ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက သတင်းီဒီယာများကို ခေါ်ယူကာ ရန်ကုန်မြို့ လွှတ်တော်အဆောက်အဦးတွင် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္စျိမ) ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများ အား ပိုမိုကြီးထွားအောက် လှုံ့ဆော်သည့် အရေးအသားများနှင့် ပက်သက်ပြီး မီဒီယာများကို ခေါ်ယူသတိပေးလိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးတွင် ညနေ ရ နာရီက နာရီဝက်ကြာ သတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေ က ပြည်တွင်း/ပြည်ပ မီဒီယာ ၅၃ ခုမှ မီဒီယာသမား ၆ဝ ကျော်ကို ခေါ်ယူ၍ ရှင်းလင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ကိုယ့်ဂျာနယ် ရောင်းရရင် ပြီးရောပဲ။ တိုင်းပြည် ဘာဖြစ်ဖြစ်၊ လူမျိုး ဘာဖြစ်ဖြစ်ဆိုပြီး ရေးသားကြတာတွေ ရှိနေပါတယ်။ သတင်းမှန်တယ်၊ အမှန်ကို ရေးတာပဲ ဆိုပေမယ့် ဒါတွေဟာ တိုင်းပြည် မငြိမ်မသက် ဖြစ်သွား
စေနိုင်တဲ့ အနေအထားမျိုးတွေ သတိပြုဖို့ လိုပါတယ်။ ခုတိုင်းပြည်မှာ မငြိမ်မသက် ဆူပူမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး တခုနဲ့တခု အထင်မှားမှုတွေ ဒါတွေမဖြစ်အောင် ဝိုင်းထိန်းရမယ့်အစား ဒါတွေကို မီးလောင်ရာ
လေပင့် လုပ်နေကြတာ တွေ့ရတယ်” ဟု ဦးမြင့်ဆွေ က ပြောသည်။
ထို့ပြင် နိုင်ငံသားတိုင်း အနေနှင့် အခြေခံဥပဒေပါ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အစရှိသည့် အခွင့် အရေးများကို ရယူခံစားခွင့်ရှိသော်လည်း “အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံတော် လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်။ အခုဟာဆိုရင် တော်တော်လေးကို ဆန့်ကျင်လာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
စာနယ်ဇင်းများက ထိုသို့ ကျူးလွန်ဖောက်ဖျက်ပါက “ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို ကျူးလွန်ချိုးဖောက်ရင် အရေးယူသင့်တဲ့ အပိုင်းတွေရှိသလို၊ ကျနော်တို့ အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်လို့ ဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က သတိပေးသည်။
အုပ်ချုပ်ရေးပိုင်းမှ အရေးယူ အပြစ်ပေးနိုင်သည့် ပုဒ်မတခုအဖြစ် နာမည်ကြီးလှသော ‘၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ’ ပုဒ်မ ၅ (ည)နှင့် ပုဒ်မ ၅ဝ၅(ခ)တို့ကို နမူနာထုတ်ပြ ပြောဆိုသွားသည်။
“‘ပြည်ထောင်စု၏ လုံခြံုရေးကို လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ဖော်ဆောင်ရေးကို လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လှဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်း မဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင် ထိုသူအား ရ နှစ်အထိ ထောင်ဒဏ် သော်လည်း
ကောင်း၊ ငွေဒဏ်ကိုသော် လည်းကောင်း၊ ဒဏ်နှစ်ရပ်စလုံးကို သော်လည်းကောင်း ထိုက်သင့်စေရမည်။ အများပြည်သူတို့အား အထိတ်တလန့် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်
စေရန် အကြောင်းရှိသောအမှုကို ပြုလျှင်’ ဒီပြစ်ဒဏ်တွေကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီး
ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ထောက်ပြပြောဆိုသွားသည်။
ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦး တယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို
ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု လည်း ရှင်းလင်း သတိပေးသွားသည်။
ထိုပြစ်မှုများနှင့် ထိုက်သင့်သူ မည်သူကိုမဆို ခြွင်းချက်မရှိ အရေးယူသွားမည်ဟု ဆိုသည်။
မည်သည့်ဂျာနယ်များဟူ၍ အမည်တပ် ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း အချို့ဂျာနယ်များတွင် အတိတ် မှ ဖြစ်ပျက်ခဲ့ဖူးသည့် ပဋိပက္ခများကိုပါ ချိန်ကိုက် ဖော်ပြလာကြခြင်းမှာ တိုင်းပြည်အား ကတိမ်းကပါး ဖြစ်စေရန် ရည်ရွယ်နေသည်ဟု ယူဆရကြောင်း ဦးမြင့်ဆွေက ပြောကြားသွားသည်။
ရခိုင်ပြည်နယ်တွင်း မေလ ၂၈ ရက်နေ့ ရခိုင်အမျုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်၍ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားမှုများ ပိုမိုတင်းမာလာရာမှ ဇွန်လ ၁ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ က အရေးပေါ်အခြေအနေ ကြေညာရသည်အထိ သည်းသန် ပြင်းထန်လာခဲ့ရသည်။
ထိုသို့ ဖြစ်လာရခြင်းမှာ “ဒီနေ့ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုနေ တဲ့ အချိန်မှာ ဒါကို မလိုတဲ့ ပြည်တွင်း/ပြည်ပ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့လူတွေဟာ သွေးထိုးမြှောက်ပင့် ပြီးတော့ လူမျိုး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ ဘာသာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ အယူအဆ လွဲမှားအောင် အများကြီး လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က စွပ်စွဲပြောဆိုသွားသည်။
ည ၈ နာရီတွင် သမ္မတ မိန့်ခွန်း မြွက်ကြားရန်ရှိသဖြင့် ဦးမြင့်ဆွေ၏ သတင်းစာရှင်းလင်းပွဲကို အချိန်တိုတွင်း အဆုံးသတ်ခဲ့ပြီး တက်ရောက်လာကြသော သတင်းထောက်များ၏ ပြန်လှန်မေးခွန်း ထုတ်ခြင်းများ ပြုလုပ်ခွင့် မရရှိခဲ့ကြောင်း သိရသည်။