ဖားကန့် မှ ခရီးတင်ကားခ ၃ ဆ မြှင့်တက်

ဖားကန့် မှ ခရီးတင်ကားခ ၃ ဆ မြှင့်တက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန်မြို့နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အကြားတိုက် ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် ဖားကန့်ရှိအလုပ်သမားများသည် နေရပ်ပြန်သူများပြားလာရာ ကားခ ၃ ဆ မြှင့်တက်သွားသည်။

မြစ်ကြီးနား-ဖါးကန့် လမ်း၊ ကချင်ပြည်နယ်။
ယခင်တွင် ကားခတစ်ယောက်လျင် ကျပ် ၂ သောင်းရှိနေရာမှ ယခုတွင်မူ တစ်ဦးလျင် ကျပ် ၈ သောင်းထိ မြှင့်တက်သွားခြင်းဖြစ်ကြောင်း ဖားကန့်မှဆင်းလာသူ ခရီးသည်တစ်ဦးပြောသည်။

ဖားကန့်မြို့နယ်မှ ကျောက်စိမ်းကုမ္ပဏီလုပ်သားများနှင့် စွန့်ပစ်ကျောက်ရိုင်း (ရေမဆေး) ကောက်နေသူများ၊ ကုန်သည်များသည် မိုးကောင်း၊ မြစ်ကြီးနား အသီးသီးသို့ဆင်းနေကြခြင်းဖြစ်သည်။

အစိုးရတပ်သည် မေလကုန်ပိုင်းမှစ၍ ဖားကန့်ဒေသတွင် စစ်အင်အားတိုးချဲ့နေပြီး နှစ်ဖက်ပစ်ခတ်လာမည့် အခြေအနေရှိသောကြောင့် ၄င်းတို့အား မိမိနေရပ်ပြန်ရန် မေလကုန်ပိုင်းမှစ၍ ညွှန်ကြားထားခဲ့သည်။

လက်ရှိအချိန်တွင်လည်း ဖားကန့်တွင် ကျောက်ရိုင်းများဆက်ကောက်ခွင့်မပြုတော့ပဲ အာဏာပိုင်များ အရေးယူမှု ပြုလုပ်နေကြောင်းဒေသခံများပြောသည်။

နေရပ်မပြန်ပဲ ဆက်လက်လုပ်နေသူများအား ယမန်နေ့ ဇွန် (၇) ရက်နေ့တွင်လည်း မြန်မာအစိုးရတပ်မှ မှော်ဆီဇာတွင် ရေမဆေးကောက်နေသော အလုပ်သမားများအား ကျောက်ရိုင်းတင်ကားကြီးနှစ်စီးဖြင့် အပြည့် ဖမ်းဆီးသွားကြောင်း ဖားကန့်မြို့ခံများပြောသည်။ ဘယ်နှစ်ဦးဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။

ထို့ကြောင့် ယခုတွင် ဖားကန့်သို့တက်လာသောကားများတွင် ခရီးသည်တင်ဆောင်ခြင်းမရှိပဲ အပြန်ခရီးသာ လိုင်းဆွဲနေကာ ကားခအဆမတန်မြှင့်တက်လာခြင်းဖြစ်သည်ဟု ခရီးသည်များပြောသည်။

ဖားကန့်ရှိအလုပ်သမားများအတွက် လုံခြုံရေးအပြင် ကားခများစျေးတက်ခြင်းကတစ်ကြောင်း အလုပ်အကိုင်မဲ့ နေခြင်းကြောင့် ၀င်ငွေမဲ့ခြင်းကတစ်ကြောင်း အခက်တွေ့နေကြသည်ဟုလည်း သိရသည်။

အစိုးရသည် ဖားကန့်မြို့ခံဖြစ်၍ အိမ်ထောင်စုရှိသူများကိုသာ နေထိုင်ခွင့်ပြုပြီး ခရီးသည်၊ အလုပ်သမား၊ ကုန်သည်များအား နေထိုင်ခွင့်မပြုတော့ပဲ နေရပ်ပြန်ရန် အမိန့်ပေးထားကြောင်း သိရသည်။

ဖားကန့်မြိုနယ်သည် ယခုအချိန်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တင်းမာနေသည့်ဒေသဖြစ်သောကြောင့် ဒေသခံများသည်လည်း ၄င်းတို့လုံခြုံရေးအတွက် စိုးရိမ် ပူပန်နေကြသည်။

Most read this week