ချင်းပါတီ သုံးခု ပူးပေါင်းရန် မလွယ်သေးကြောင်း CNP ပြော

ချင်းပါတီ သုံးခု ပူးပေါင်းရန် မလွယ်သေးကြောင်း CNP ပြော
by -
မဇ္ဈိမ

၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းတိုင်းရင်းသားပါတီ သုံးခု ပူးပေါင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း လက်တွေ့တွင် မလွယ်ကူသေး၍ မြို့နယ်ကော်မတီများထံ သဘောထား တောင်းခံထားကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇမ်ကျင့်ပေါင် (ခေါ်) ပူးဇိုဇမ်း က ပြောသည်။

chinnationalflag

ချင်းအမျိုးသားပါတီ (CNP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးပါတီ (ENDP) တို့ ပူးပေါင်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။

“ခုထိ အတွင်းရေးမှူးအဖွဲ့တွေ ညှိနှိုင်းနေတဲ့ အဆင့်ပေါ့။ နောက်ပြီးတော့ အောက်ခြေ ပြည်သူတွေရဲ့ အကြံဉာဏ် တောင်းတဲ့အဆင့်။ ပြည်နယ်ကော်မတီတွေကနေ တဆင့် တီးခေါက်နေတယ်။ တကယ်ပေါင်းဖို့ ကြိုးစားတာပဲ ရှိသေးတယ်။ တကယ်ပူးပေါင်းဖို့ မလွယ်ဘူး” ဟု ဦးဇူဇမ်းက ပြောသည်။

ချင်းပါတီများ ပူးပေါင်း၍ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းအတွင်း ဝင်ရောက် လှုပ်ရှားနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသား များ စုပေါင်း၍ တပါတီဖြစ်ရေးကို ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ထိုပါတီများ ပူးပေါင်းနိုင်လိမ့်မည်ဟု ယူဆထားသည်ဟု ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် CPP ပါတီက လွှတ်တော်အမတ် ၁၂ နေရာ၊ CNP ပါတီက လွှတ်တော် အမတ် ၉ နေရာနှင့် ENDP က ၁ နေရာ အနိုင်ရခဲ့သည်။

ထို့ပြင် ဇွန်လ ၅ ရက်နေ့ ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သော အရှိုချင်းအမျိုးသားပါတီ (Asho Chin National Party) ကလည်း ပူးပေါင်းရန် ဆန္ဒရှိသော် လည်း နယ်မြေအနေအထားအရ ပူးပေါင်းရန် မလွယ်ကူသဖြင့် မဟာမိတ်ပါတီ အနေဖြင့်သာ ရပ်တည်မည်ဟု အရှိုချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင် ကပြောသည်။

“တကယ်လို့ ပေါင်းရင်တော့ ပါမယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အဓိက အာရုံစိုက်တဲ့ နေရာနဲ့ သူတို့ ချင်းပြည်နယ်က အာရုံစိုက်တဲ့ နေရာနဲ့ တူမှာ မဟုတ်ဘူး။ ကျနော်တို့က ကျနော်တို့ နယ်မြေတွေမှာပဲ လှုပ်ရှားရမှာကိုး။ နယ်မြေ အနေအထား သီးခြားစီ ဖြစ်နေလို့ပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေထိုင်နေသည့် ချင်းမျိုးနွယ်စုမှ အရှိုလူမျိုးများအတွက် မြန်မာ့ နိုင်ငံရေးကိစ္စမျာတွင် ပါဝင်လှုပ်ရှားနိုင်ရန် ရည်ရွယ်၍ ပါတီတည်ထောင်ခဲ့ခြင်း ဖြစ်သည် ဟု သူက ဆိုသည်။

ထို့ကြောင့် အရှိုချင်းအမျိုးသားပါတီအနေဖြင့် နယ်မြေအနေအထားအရ အခြား ချင်းတိုင်းရင်းသားပါတီများ၏ မဟာမိတ်ပါတီအနေဖြင့်သာ လုပ်ဆောင်သွားရန် ရှိသည်ဟု ဆိုသည်။

အရှိုပါတီသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၂ဝ ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Most read this week