SSJAC ၁၆ နှစ်ပြည့် သျှမ်းခေါင်းဆောင်များ တွေ့ဆုံ

SSJAC ၁၆ နှစ်ပြည့် သျှမ်းခေါင်းဆောင်များ တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Shan State Joint Action Committee တည်ထောင်ခြင်း ၁၆ နှစ် ပြည့်အထိမ်းအမှတ် မိတ်ဆုံညစာစားဝိုင်း၌ သျှမ်းခေါင်းဆောင်များတွေ့ဆုံခဲ့ကြသည်ဟု ရန်ကုန်ရှိ သျှမ်းမိသားစု သတင်းရပ်ကွက်က ဆိုပါသည်။

သျှမ်းနီပါတီ ဉက္ကဌ စိုင်းဌေးအောင် မိတ်ဆက်စကားပြောစဉ် ( ဓါတ်ပုံ SNLD)
“အစီအစဉ်တွေနဲ့ ကျင်းပတဲ့အခမ်းအနားမဟုတ်ဘူး။ ဥက္ကဌဖြစ်တဲ့ ခွန်ထွန်းဦး ထောင်ကနေလွှတ်မြောက် လာတာ နိုင်ငံရေးအသိုင်းအဝိုင်းတွေနဲ့ မတွေ့ဖြစ်သေးလို့ တွေ့ဆုံမှု မိတ်ဆုံထမင်းဝိုင်းပါဘဲ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ်ကပြောပါသည်။

ဂျွန် ၆ ရက် ၌ကျရောက်သော သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Shan State Joint  Action Committee ၏ ၁၆ နှစ်ပြည့်အထိမ်းအမှတ် မိတ်ဆုံစားပွဲအခမ်းအနား၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် SNLD ခေါင်းဆောင်များ၊ ကျားဖြူပါတီခေါ် SNDP အမတ်အချို့နှင့်ပါတီဝင်များ၊ သျှမ်းနီပါတီ TNDP မှခေါင်း ဆောင်များ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA မှပုဂ္ဂိုလ်တချို့၊ ဆိုင်ကျော့ (စိန်ဂျော့)ပြည်သူ့စစ် အဖွဲ့မှ ခေါင်းဆောင်များနှင့် ခေတ်ပညာတတ်လူငယ်များ တက်ရောက် ကြသည်ဟုဆိုသည်။
SSJAC တည်ထောင်ခြင်း16 နှစ်ပြည့် မိတ်ဆုံထမင်းဝိုင်း (ဓါတ်ပုံ SNLD)
“Shan State Joint Action Committee မှာ ခွန်ထွန်းဦးက ဥက္ကဌဘဲလေ။ ထောင်ကနေလွတ်မြောက်လာ ကတည်းက နိုင်ငံရေးပါတီတွေ၊ ငြိမ်းအဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ တကြိမ်မှ မတွေ့ဖြစ်ကြသေးဘူးလေ။ပါတီသစ် ဖြစ်တဲ့ သျှမ်းနီပါတီနဲ့လဲ တွေ့ဆုံနှုတ်ဆက်တဲ့အနေနဲ့ အားလုံးစုံစုံလင်လင်ပါဝင်တဲ့ မိတ်ဆုံ ထမင်းဝိုင်းလေးပါ” -ဟု စိုင်းလိတ် က ဆက်၍ပြောပြပါသည်။

သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Shan State Joint Action Committee အား ၁၉၉၆ ဂျွန် ၆ ရက် နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းပြည်အမျိုးသားတပ်မတော်ပါဝင်သည့် သျှမ်းပြည် ငြိမ်း ချမ်းရေးကော်မတီတို့ စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့ ဖြစ်သည်။ သျှမ်းပြည်အတတ် ပညာရှင်များ အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကိုအကြောင်းပြုပြီး ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်အပါအဝင် သျှမ်းခေါင်းဆောင် ၉ ဦးအား ပြည်ထောင်စုမှခွဲထွက် လိုမှုနှင့်အခြားအမှုပေါင်းများစွာစွပ်စွဲပြီး ၂၀၀၅ က ဖမ်းဆီး၍ ထောင်ဒဏ်နှစ်ရှည် ပစ်ဒဏ် ချခဲ့သည်။ (ဦးသိန်းစိန် အစိုးရသစ်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယခုနှစ်ဆန်းပိုင်း၌ အားလုံးပြန်လည်လွတ်မြောက် လာခဲ့သည်။) ဖမ်းဆီးခံရသည့်အချိန်မှစ၍ အခုတကြိမ် ကျင်းပခဲ့သည့် မိတ်ဆုံစားပွဲသည် ပထမဦးဆုံး သျှမ်းခေါင်း ဆောင်များစုံစုံညီညီ တွေ့ဆုံခြင်းဖြစ်သည်။

Most read this week