ဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့် မီးမလုံလောက်

ဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့် မီးမလုံလောက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ရှိကျွန်းပင်သာဒုက္ခသည်စခန်းတွင် နွေရာသီဝင်ချိန်မှစ၍ သောက်သုံးရေ နှင့် လျှပ်စစ်မီး မလုံလောက်သည့် အခက်ခဲပြဿနာရင်ဆိုင်နေရကြောင်း ဒုက္ခသည်များ ပြောသည်။

တစ်နှစ်ကြာသည်အထိ UN မှ ပုံမှန် အကူညီ မရရှိသေးသော ကေအိုင်အို လိုင်ဇာ ဒုက္ခသည်စခန်းတခု
လူဦးရေ ၂၈၆ ဦး ခိုလုံလျက်ရှိသော ကျွန်းပင်သာဒုက္ခသည်စခန်းတွင် သောက်သုံးရေနှင့်လျှပ်စစ်မီးလုံ လောက်စွာမရရှိခြင်းကြောင့် ရင်သွေးငယ်မိခင်များနှင့် ကျောင်းသားများအတွက်  ပို၍ခက်ခဲဖြစ်စေသည်ဟု သိရသည်။

စခန်းတစ်ခုလုံးတွင် သောက်သုံးရေအတွက် ရေတွင်းတစ်ခုသာရှိပြီး လျှပ်စစ်မီးသည်လည်း ခဏတဖြုတ်သာ လာသောကြောင့် ကလေးငယ်မိခင်များ ညအချိန် အခက်တွေ့နေသည်သာမက ကျောင်းသားများအတွက် စာဖတ်ရန်ခက်ခဲနေခြင်းဖြစ်ကြောင်း ဒုက္ခသည်များပြောသည်။

“ကျောင်းသားတွေစာကျက်ချိန်ဆိုမီးကသေသွားပြီ။ စခန်းဘေးအိမ်က သနားပြီးတစ်ခါတစ်လေတော့ ပေးပါတယ်”  ဟု စခန်းတွင်ခိုလှုံနေသူ ဒုက္ခသည်ဦးတူးဆိုင်းကပြောသည်။

ထို့အတူ “လူကနှစ်ရာကျော်ရှိပြီးရေတွင်းကတစ်ခုပဲရှိတယ်။ နောက် ရေကိုလည်း လက်နဲ့ပြန်ဆွဲတင်ပြီး ခပ်ရတော့ တစ်ခါခပ်ဖို့ အရမ်းကြာတယ်” ဒုက္ခသည်စခန်းတွင်ရေတွင်းတစ်ခုသာရှိသောကြောင့် အလုအယက်အသုံးပြုနေရကြောင်း ဒုက္ခသည်တစ်ဦးမှဆက်ပြောခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နယ်တွင် သောက်သုံးရေနှင့် မီးမလုံလောက်သော ပြဿနာသည် ၄င်းအစခန်းအပြင် တခြားသောဒုက္ခသည်စခန်းများတွင်လည်း ဖြစ်နေပြီး အခက်ခဲဖြစ်နေကြောင်း ဒုက္ခသည်စခန်းများသတင်း အရ သိရသည်။

ဤလျှပ်စစ်မီးသည် ပုံမှန်ရာသီတွင် ၂၄ နာရီခန့် လွှတ်ပေးနိုင်သော်လည်း ယခု နွေရာသီတွင် ရေခမ်းခြောက် သောကြောင့်  လုံလောက်စွာမပေးနိုင်ခြင်းဖြစ်ကြောင်း  မြစ်ကြီးနားဒေသခံများပြောသည်။

ယခုပေးနေသော လျှပ်စစ်မီးသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ် ဖြင့် ဘူးဂါးကုမ္ပဏီမှတဆင့် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်တွင်း ၂၀၀၆ ခုနှစ် မှစ၍ ဖြန့်ဖြူးပေးနေသောမီးဖြစ်သည်။

ကချင်ပြည်နယ်အနှံ့ဖြစ်ပွားမှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရစစ်တပ်များ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံများသည် နေ့စဉ်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြပြီး စစ်ပွဲဖြစ်ပွားချိန် တနှစ်အတွင်း ဒုက္ခသည်လူဦးရေ ရှစ်သောင်းခန့်ရှိပြီဖြစ်ကြောင်း ဒုက္ခသည်စောင့်ကြည့်သူများက ခန့်မှားထားကြသည်။

Most read this week