စစ်တွေတွင် ဘာသာပေါင်းစုံ ပါ၀င်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အဖွဲ့ ဖွဲ့

စစ်တွေတွင် ဘာသာပေါင်းစုံ ပါ၀င်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အဖွဲ့ ဖွဲ့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စစ်တွေတွင် မလိုလာားအပ်သော ပြဿနာများ မပေါ်ပေါက်ရအောင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အဖွဲ့ကို ဘာသာပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးက ပြောကြားသည်။

အင်္ဂလိပ် ဘုရင်မှ လက်ဆောင်ပေးခဲ့သော စစ်တွေမှ သမိုင်းဝင် နာရီစင်။
ရခိုင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်က အဆိုပါ အဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ဦးဆောင်မူဖြင့် ယမန်နေ့က ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့တွင်  ဘာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါ၀င်ကြောင်း ပြောသည်။

“ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ ပါတယ်။ စစ်တွေက ရပ်မိရပ်ဖတွေ ပါတယ်။ အစ္စလာမ်ဘာသာဝင် ရပ်မိ ရပ်ဖတွေ ပါတယ်။ အကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ ရခိုင်တိုင်းရင်းသားတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ အစ္စလာမ် ဘာသာဝင်တွေကလည်း ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဖွဲ့အား အဖွဲ့ (၁) မှ နေ (၃) ထိ ဖွဲ့စည်းထားပြီး အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများနှင့်ပါ ဆိုလျှင် လူပေါင်း ၄၀ ခန့် ပါ၀င်ကြောင်း သူက ပြောကြားသည်။

“ အဓိကတော့ လူမျိုးရေး၊ ဘာသာရေး အဓိဂရုဏ်းတွေ မပေါ်ပေါက်အောင် ကြိုးပမ်း တားဆီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့တာပါဘဲ။ အခု စစ်တွေမှာ ကောလဟလတွေ သိပ်ပျံ့နေတယ်။ ဒါတွေဟာ မှားသလား မှန်သလားဆိုတာကို ဒီအဖွဲ့က သေချာ စိစစ်ပြီး ရခိုင်များဘက်ကိုရော အစ္စလာမ် ဘာသာဝင်များဘက်ကိုရော သက်ဆိုင်ရာ ခေါင်းဆောင်တွေက ရှင်းပြသွားမယ်” ဟု ဦးအောင်သန်းတင်က ပြောသည်။

ကောလဟလ သတင်းများကြောင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား တစ်ဦးနှင့် တစ်ဦး  မယုံကြည်မူများနှင့် ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ကောလဟလများကို မယုံကြည်ကြရန်လည်း သူက တိုက်တွန်းသွားသည်။

အဆိုပါ အဖွဲ့သည် ယမန်နေ့က စပြီး စစ်တွေ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့  ဆရာတော်ကြီးများနှင့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၏ ထိန်းသိမ်း မူများကြောင့် စစ်တွေမြို့၏ အခြေအနေမှာ အေးအေးဆေးဆေးနှင့် ပုံမှန် အခြေအနေအတိုင်း ရှိနေကြောင်း သိရသည်။

Most read this week