ရုရှား အကူအညီဖြင့် ဘင်္ဂလာဒေချ့်တွင် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်မည်

ရုရှား အကူအညီဖြင့် ဘင်္ဂလာဒေချ့်တွင် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်မည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံတွင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် အတွက် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်ရန် ရုရှားနှင့် ဇွန်လ ၄ ရက်နေ့က သဘောတူညီမူ စာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့ကြသည်။

ရုရှားနိုင်ငံမှ ဓါတ်ပေါင်းဖိုများ။
ရုရှားနှင့် ဘင်္ဂလာဒေချ့်အကြား အဓိက သဘောတူညီမူ နားလည်မူ စာချွန်လွှာနှစ်ခုကို  ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ဇွန်လ၄ ရက်နေ့က ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် သတင်းစာများက ရေးသား ဖေါ်ပြသည်။

ဘင်္ဂလာဒေချ့် ဘက်က သိပ္ပံနှင့် နည်းပညာဝန်ကြီး Yeafesh Osman  နှင့် ရုရှားဘက်မှ စွမ်းအင်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ် Sergey Kirienko  တို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

သဘောတူညီမူ နှစ်ခုတွင် ပထမ တစ်ခုမှာ  နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ အတွက် ရုရှားမှ အတတ်ပညာရှင်များ အပါအဝင် လူသားဆိုင်ရာ အရင်းအမြစ်များ ကူညီ် ပံ့ပိုးရန် အတွက် သဘောတူညီချက် ဖြစ်ကြောင်း သတင်းများက ရေးသား ဖေါ်ပြသည်။

ဒုတိယ အချက်အနေဖြင့် နျူကလီးယား စွမ်းအင်နှင့် နျူကလီးယား ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်ပြီး လူထုအား အသိပေး ရန်အတွက် သတင်းပြန်ကြားရေး စင်တာ တစ်ခုကို ဘင်္ဂလာဒေချ့်နို်င်ငံတွင် ဖွင့်လှစ်ရန် ဖြစ်သည်။

ယခုနှစ် အချိန်တို အတွင်းတွင်ပင် ဘင်္ဂလာဒေချ့်နိုင်ငံ မြို့တော် ဒက္ကားတွင် အဆိုပါ သတင်းပြန်ကြားရေး Information Center အားဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးက ပြောသည်။

ဘင်္ဂလာဒေချ့် အနေဖြင့် ရုရှား အကူအညီဖြင့် နျူကလီးယား ဓါတ်အားပေး စက်ရုံ (၂) ခုကို Rooppur ဒေသတွင်  များမကြာမီ စတင် တည်ဆောက်မည်ဟု အာဏာပိုင်များက ပြောသည်။

နှစ်နိုင်ငံ အကြား သဘောတူညီချက် ရရှိပြီးနောက် ရုရှားမှ အဆင့်မြင့် ကိုယ်စားလှယ် တစ်ဖွဲ့သည် လာမည့် အပတ်တွင် ဒက္ကားမြို့ကို ရောက်ရှိလာမည် ဖြစ်ပြီး အသေးစိတ် လုပ်ငန်း အချက်အလက်များကို အကောင်အတည် ဖေါ် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် မြို့ရော တောပါ မကျန် မဟာ ဓါတ်အားလိုင်းများမှ တဆင့် ၂၄ နာရီ လျှပ်စစ်မီးများ  ဖြန့်ဖြူးပေးနေသော်လည်း တစ်နေ့ တစ်ခြား တိုးပွားလာသော လူဦးရေနှင့် စက်ရုံ အလုပ်ရုံများကြောင့် လျှပ်စစ်မီးများ ပုံမှန် မဖြန့်ဖြူးနိုင်ဘဲ ဖြစ်နေသည်။

သို့အတွက်ကြောင့် လက်ရှိ ဘင်္ဂလာဒေချ့် အစိုုးရသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ဘူတန်၊ နီပေါ၊ အိန္ဒိယနှင့် မြန်မာမှ လျှပ်စစ် ဓါတ်အားများ ၀ယ်ယူတင်သွင်းရန် ကြိုးပမ်းနေသလို တစ်ခြားတဘက်တွင်လည်း ရုရှား ပူးပေါင်းပြီး နျူကလီးယား ဓါတ်အားပေး စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကြောင်း နိရဥ္စရာမှ စုံစမ်း သိရှိရသည်။

Most read this week