ဌာနချုပ်အဖြစ်အခြေချနေထိုင်ရန် သတ်မှတ်ထားသည့် သံလွင်အရှေ့ခြမ်း မုန်းထား မြို့နယ်ခွဲ အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
“သူတို့တပ်က ကျနော်တို့ကို လာဝိုင်းတော့ ကျနော်တို့ရဲ့ ဗိုလ်မှူးကောသလ္လက ဦးဆောင်တဲ့ ခွန်ဆန်တွန့်ဟုန်း စစ်ကြောင်းက အပြင်ကနေပြန်ဝိုင်းတယ် ညနေပိုင်းအထိဘဲ။ သူတို့စပစ်ရင်တော့ တိုက်ပွဲက ကြည့်ကောင်းတော့မှာဘဲ။ ကျနော်တို့က ပစ်မိန့်မရလို့ အထက်ညွှန်ကြားချက် ကိုဘဲစောင့်တာ” - ဟု အရာရှိငယ် တဦး ကပြောပါသည်။
ဂျွန် ၂ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် မုန်းတော့ အခြေချ အစိုးရတပ် ခလရ ၄၉ ဒုဗိုလ် မှူး ကြီး ကျော်မိုးလွင် ဦးဆောင်တပ်ဖွဲ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် လွယ်မွတ်နန်းလဲန်း တပ်စခန်းအား လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ ကြောင်း၊ ပစ်ခတ်ပြီးနောက် အင်အား ၁၀၀ ကျော်ဖြင့် တက်ဝိုင်းကြောင်း ဒေသအတွင်းရှိ သျှမ်းတပ်အရာ ရှိတဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီဝင် ဗိုလ်မှူးချုပ်စိုင်းလူးက သျှမ်းတပ်အား အစိုးရ တပ်မှ သွားရောက်တိုက်ခိုက်သည့်အခြေအနေအား အစိုးရထံ ဆက်သွယ် ပြောကြားရာ တြိဂံတိုင်းက ၎င်းတို့ညွှန်ကြားချက်မဟုတ်ကြောင်းငြင်းဆိုခဲ့ပြီး ဆိုင်ရာတပ်ကအမြန်ဆုံး ရုပ်ပေးရန်ညွှန်ကြားမှ သာ တပ်ပြန်ရုပ်သွားသည်ဟုဆို၏။
မေ ၁၉ ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်း ပုံပါကျင်မြို့နယ်ခွဲ အတွင်းရှိ သျှမ်းတပ်စခန်း အား နားကောင်းမူး အခြေစိုက် ခလရ ၆၅ က မေ ၂၃ ရက်က တကြိမ်တက်တိုက်ခဲ့ပါသေး သည်။
တိုက်ပွဲကြောင့် ဒုကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးချုပ်ကြည်း ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးစိုးဝင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် တောင်းပန်ကြောင်း၊ နောက်နောင်မဖြစ်ပွားစေရန် စစ်တိုင်းများ နှင့် တပ်မ တပ်ရင်း များအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း အကြောင်းကြားခဲ့သည် ဟု သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက် စစ်က သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးပါသည်။
ယခုတိုက်ပွဲသည် ဗိုလ်ချုပ်ကြီးစိုးဝင်း တောင်းပန်ပြီးနောက်ပိုင်း ပထမအကြိမ်ဖြစ်ပွါးသောတိုက်ပွဲဖြစ်သည်။