မှတ်ပုံတင်ခွင့် ရရှိသွားပြီ ဖြစ်သော ALD မြို့နယ် ရုံးများကို ရခိုင်တွင် ဖွင့်လှစ်တော့မည်

မှတ်ပုံတင်ခွင့် ရရှိသွားပြီ ဖြစ်သော ALD မြို့နယ် ရုံးများကို ရခိုင်တွင် ဖွင့်လှစ်တော့မည်
by -
နိရဥ္စရာ

ပါတီမှတ်ပုံတင်ခွင့် ရရှိသွားပြီ ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD သည် များမကြာမီ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ရုံးများကို ဖွင့်လှစ်သွားတော့မည် ဖြစ်ကြောင်း ပါတီ အေထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ALD-politicle-party-registration
“နောက်လမှာ ဘကြီတို့ စစ်တွေကိုသွားမယ်။ အဲဒီမှာ ပါတီဆိုင်းဘုတ် တင်မယ်။ ပြီးတော့ မြောက်ဦး ၊ ကျောက် တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ ကျောက်ဖြူစတဲ့ မြို့တွေမှာလည်း မြို့နယ်အဖွဲ့တွေကို ဖွဲ့ပြီး ဆိုင်းဘုတ်တင်မယ်။ မြို့နယ်တွေမှာလည်း ပါတီလျှောက်လွှာနဲ့အတူ ပါတီဝင်တွေကို လက်ခံသွားမယ်။ ရခိုင်ပြည်နယ် တစ်ခုတည်း မဟုတ်ပါဘူး။ တပြည်လုံး အတိုင်းအတာနဲ့ စည်းရုံးသွားမယ် လို့ စီစဉ်ထားပါတယ်” ဟု နိရဥ္စရာသို့  ထုတ်ဖေါ် ပြောဆိုသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉ ဖြင့် မေလ ၃၀ ရက်နေ့က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်သည်။ ၎င်းနောက်ပိုင်းတွင် ပါတီ၏ စည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို မေးမြန်းရာ ဦးအေးသာအောင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပါတီ မှတ်ပုံတင်ခြင်း ခွင့်ပြုချက်ကို ယနေ့ထုတ ်ကြေးမုံ သတင်းစာတွင် ကြေငြာချက်အမှတ် ၂၈/ ၂၀၁၂ ဖြင့် ဖေါ်ပြပြီး မေလ ၃၀ ရက်နေ့မှစပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင် ခွင့်ပြုလိုက်ကြောင်း ကော်မရှင် အတွင်း ရေးမှူး ဦးဝင်းကိုမှ လက်မှတ်ထိုးပြီး ဖော်ပြသည်။

“ ပါတီဝင်တွေ  စုဆောင်းမယ့် အစီအစဉ်တွေကိုလည်း မနေ့က ပြုလုပ်ခဲ့တဲ့ ပါတီ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင် ပြည်နယ်အပြင် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရခိုင်တွေ အများကြီးနေတဲ့  ငပုတော၊ ဟိုင်းကြီး၊ ဘိုကလေး၊ ပုသိမ်စတဲ့  မြို့ နယ်တွေ ပါတီဝင်တွေကို လက်ခံသွား ပါမယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသရှိတဲ့  ရခိုင်တွေကိုလည်း အဖွဲ့ဝင် အဖြစ် စုဆောင်းသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

ပြည်ပတွင် ရောက်ရှိနေကြသည့်  ယခင် ပါတီဝင်ဟောင်းများအနေနှင့်လည်း ပါတီဝင်အဖြစ် အင်တာနက်မှ တဆင့် လျှောက်ထားနိုင်ကြောင်း သူက ပြောသည်။

“ ဘကြီးတို့က ပါတီဝင် လျှောက်လွှာပုံစံကို အင်တာနက်မှာတင်ပြီး ပို့ပေးမယ်။ ပြည်ပမှာ ရှိနေတဲ့သူတွေ လျှောက်ထား နိုင်တယ်။ ဥပ မာ ဂျပန်ဆိုလည်း ဂျပန် အနေနဲ့ ပါတီဝင်တွေ စုဆောင်းသွားမယ်။ တခြား မလေးရှား၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ချ် နိုင်ငံတွေမှာလည်း အလားတူ စုဆောင်းသွားမယ်။ အဲဒီက စုဆောင်းလို့ရတဲ့ ပါတီဝင် တွေရဲ့ စာရင်းကို ဘကြီးတို့ဆီ ပို့ပေးရမယ်။”

ပါတီ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ပြည်သူများကို အလေးထားပြီး ဆောင်ရွက်မည့် အစီအစဉ်များကို ချမှတ်ထားကြောင်း သူက ဆိုသည်။

“အဓိကတော့ ဘကြီးတို့  နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ စီးပွားရေး ကို ရခိုင် ပြည် သူ တွေနဲ့ ထိတွေ့ ဆက်စပ်ပြီး အတွေးအခေါ် အယူဆတွေ ပြောင်းလဲဖို့ သင်တန်းတွေပေးမယ်။ ပြီးတော့ လူငယ် တွေနဲ့ အရည်အသွေးမြင့် သင်တန်းတွေ၊  လူငယ်တွေ ဦးဆောင်မှုပေးနိုင်တဲ့ သင်တန်းတွေ ဟောပြော ပွဲတွေ လုပ်မယ်။ ကျေးလက်ဒေသနဲ့ ပတ်သတ်လို့လည်း လူနေမှု ဘဝ ပြောင်းလဲ သွားအောင် လုပ်ဆောင်သွားမယ်။ ပြီးတော့ လယ်ယာမြေပြုပြင်ရေး ကိစ္စတွေကိုလည်း လုပ်သွားမယ်။ ”

ဂျပန် ALD မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းကြရန် မေလ ၂၇ ရက်နေ့က တောင်းဆိုသည့် အပေါ်မှာလည်း ဦးအေးသာအောင်က ယခုကဲ့သို့ တုန့်ပြန် ပြောကြားသည်။

“ အမျိုးသားရေးကိစ္စတွေမှာတော့ ပူးပေါင်း လုပ်ဆောင်ရမယ်။ တချို့ကိစ္စတွေမှာလည်း လက်တွဲ လုပ်ရမယ်။ အမျိုးသားရေးမှာတော့ အားလုံးပူးပေါင်းလက်တွဲမှ အင်အားရှိမယ်။ ဒါကြောင့်လည်း ဘကြီးတို့ ပါတီက အ စည်းအဝေး ဆုံးဖြတ်ချက်အရ စစ်တွေဗဟိုကို တာဝန်ပေးထားတယ်။ သူတို့ ဆွေးနွေးပြီး ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုတာကို လုပ်ဆောင်သွားဖို့ ပါတီဝင် တစ်ချို့ကို တာဝန်ပေးထားတယ်” ဟု ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ပါတီမှတ်ပုံတင်ပြီး ၁၉၉၀ ပြည့် ရွေး ကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ရခိုင်တွင် အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့ သည်။  နောက်ပိုင်းတွင် ပါတီ ဗဟိုကော်မီတီ နေရာ တွင် လူမပြည့်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။

ရွှေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် နံပါတ်မှာ ၅၄ ဖြစ်ကြောင်း  သိရသည်။ ပါတီ အမှတ်တံဆိပ်များမှာလည်း ယခင်က အသုံးပြုခဲ့သည့် ဆီမီးခွက်တံဆိပ် ဟောင်းဖြစ်သည်။

Most read this week