ALD နှင့် RNDP ပေါင်းစည်းရန် ဂျပန် အခြေစိုက် ALD တောင်းဆို

ALD နှင့် RNDP ပေါင်းစည်းရန် ဂျပန် အခြေစိုက် ALD တောင်းဆို
by -
နိရဥ္စရာ

RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ပထမ အကြိမ် ညီလာခံ ကျင်းပနေချိန်တွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်ဌာနခွဲ) မှ ရခိုင် ပါတီကြီး နှစ်ခု ဖြစ်သော ALDနှင့် RNDP ပါတီနှစ်ခု ပေါင်းစည်းရန် တောင်းဆိုလိုက်သည်။

ပါတီနှစ်ခု ပေါင်းစည်းရေးကို တောင်းဆိုသော ALD (Japan) အဖွဲ့ဝင်များ။
ပြောင်းလဲ လာ သော မြန်မာ့ နိုင်ငံရေး အခြေအနေနှင့် အညီ ရခိုင်ပြည်သူများ၏ စည်းလုံး ညီညွတ်မူကို ပိုမို ခိုင်မာစွာ တည်ဆောက် နိုင်ရန် အလို့ဌာ ယခုကဲ့သို့ ပေါင်းစည်းရေးကို တောင်းဆိုရခြင်းဖြစ်ကြောင်း မေလ ၂၇ ရက်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် ALD (Japan) က ရေးသား ဖေါ်ပြသည်။

" ခုလို မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာတဲ့ အချိန်ကာလမှာ ရခိုင်အမျိုးသားထု တစ်ရပ်လုံး စုစည်း ညီညွှတ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသား စည်းလုံးညီညွတ်မှုကို ခိုင်သထက် ခိုင်အောင် တကယ် တည်ဆောက်မယ်ဆိုရင် ရခိုင်အမျိုးသားကို ကိုယ်စားပြုထားတဲ့ ဒီပါတီနှစ်ခုက ညီညွှတ်ဖို့ လိုပါတယ်။ ပေါင်းစည်ဖို့လိုပါတယ်။ ပါတီ နှစ်ခု ပေါင်းရင် တကယ် အင်အားရှိတဲ့ နိုင်ငံရေး အမျိုးသား တပ်ဦးကြီးတခု ဖြစ်လာမယ်လို့ ကျွန်တော် တို့ ယုံကြည်ထားပါတယ်" ဟု ALD (ဂျပန်) ဌာနခွဲ ဥက္ကဌ ဦးလှအေးမောင်က နိရဥ္စရာသို့ ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သည် ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ရခိုင်ပြည်သူများ ကိုယ်စား ဆောင်ရွက်ရန် ပြည်သူလူထု ကြားထဲက ပေါ်ပေါက်လာသော ပါတီတခုဖြစ်သကဲ့သို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ( RNDP) မှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို မထောက် ခံသော်လည်း အမျိုးသားရေး လိုအပ်ချက်အရ ဒီမိုကရေစီရေး၊ တန်းတူရေနှင့် ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် ရရှိရေးအတွက် ရခိုင်ပြည် သူလူထုကြားထဲက မွေးဖွား ပေါ်ပေါက်လာသော ပါတီဖြစ်ကြောင်း ဦးလှအေးမောင်က ပြောသည်။

" ပါတီ နှစ်ခု စလုံးက ရခိုင်ပြည်သူကြားက မွေးဖွားလာတဲ့ ပါတီတွေ ဖြစ်သလို ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေလည်း တူညီတယ်။ ရခိုင်ပြည်သူတွေရဲ့ အရေးကိုလည်း အင်တိုက် အားတိုက် လုပ်လိုကြတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ဒီလို ပါတီကြီး ၂ခု တပေါင်းတစည်း လုပ်လိုက်ရင် ရခိုင်ပြည်အတွက် အင်အား တောင့်တင်း လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောသည်။

ပါတီကြီးနှစ်ရပ် မပေါင်းစည်းပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း သူက ထောက်ပြ ပြောကြားသည်။

" ပေါင်းစည်းခြင်းအားဖြင့် ကျွန်တော်တို့အတွက် အနှုတ်လက္ခဏာ မဖြစ်ဆိုတာကိုလည်းပြောလို့ ရပါတယ်။ အဲသလို မဟုတ်ဘဲနဲ့ ALD ကတကြောင်းသွား၊ RNDP ကတကြောင်းသွား နေမယ်ဆိုရင် ခုလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမျိုးမှာ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာ ရာသက်ပန် နလံ ထူနိုင်တော့မှာ မဟုတ်ပါ။ အခုဆိုရင် တခြားပါတီတွေက ရုံးတွေလည်း ရခိုင်ပြည်နယ်မှာ လာစိုက်နေကြပြီ။ မညီညွှတ်ရင်တော့ လာမယ့် ရွှေးကောက်ပွဲမှာ တတိယ ကြားပါတီတွေဘဲ ရခိုင်မှာ အနိုင်ရသွားမှာ ဖြစ်တဲ့ အတွက် လက်ရှိ ခြေအနေတွေကို ပါတီ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး ရှုထောင့်မျိုးစုံကနေ သုံးသပ်ကြဖို့ ကျွန်တော အနေနဲ့ ပြောချင်ပါတယ်" ဟုပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးမှာ တနေ့တခြား တိုးတက်ကောင်းမွန် လာသည်ဟု ထင်ရသာ်လည်း မြန်မာ အစိုးရ အနေဖြင့် တိုင်းရင်းသား ဒေသများတွင် ဆင်နွဲနေသော ထိုးစစ်များကို မရပ်ဘဲ တိုင်းရင်း လက်နက်ကိုင် အဖွဲ့များကို အမြစ်ပြတ် ခြေမှုန်းနေကြာင်း၊ ဦးသိန်းစိန် ကြံ့ခိုင်ရေး အစိုးရသည် တိုင်းရင်းသားပြည်သူများကို မီးစတဘက် ရေမုတ်တဘက် ပေါ်လစီကို ကျင့်သုံးကာ အုပ်ချုပ်နေသဖြင့် ရခိုင်ပါတီများ အနေဖြင့် သတိထားရန် လိုကြပြီး ယခုလို အခြေအနေမျိုးတွင် ရခိုင်ပြည်သူများ၏ အကျိုးကို ရှေ့ဆောင်နိုင်ရန် ပါတီနှစ်ခု ပေါင်းစည်းရန်လိုအပ်ကြောင်း ကျေညာချက်ဖြစ်တွင် ရေးသား ဖေါ်ပြထားသည်။

ယခု တောင်းဆိုမူ အပေါ် ပါတီနှစ်ရပ် စလုံးမှ အကြောင်းတစုံတရာ တုန့်ပြန်မူ မရှိသေးကြောင်း သူကပြောသည်။

" ကျွန်တော်တို့ ထုတ်ပြန်လိုက်တဲ့ ကျေညာချက်နဲ့ ပတ်သက်ပြီးတော့ ALD နဲ့ RNDP ပါတီက တုံ့ပြန် ချက်တော့ မရရှိသေးပါဘူး။ ဒါပေမယ့် မနက်ဖြန် မေ ၃၀ ရက်နေ့မှာ RNDPမှာ ညီလာခံရှိတယ်။ အဲဒီ ပါတီညီလာခံက အကြောင်းတ ခုခုပြန်လာ လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်" ဟုပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေဖြင့် ယခု ပြုလုပ်နေသည့် ညီလာခံမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပေါင်းစည်းရေး အတွက် ဆုံးဖြတ်ချက်နှင့် အခြေခံမူ တစ်ခု ထွက်ပေါ် လာဖွယ် ရှိကြောင်းပါတီ အတွင်း သတင်းရပ်ကွက်အရ သိရသည်။

Most read this week