ပုံပါကျင်တိုက်ပွဲအတွက် RCSS/SSA အား တပ်မတော်မှ တောင်းပန်

ပုံပါကျင်တိုက်ပွဲအတွက် RCSS/SSA အား တပ်မတော်မှ တောင်းပန်
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်ဆွေးနွေးသဘောတူညီချက်ရခဲ့ပြီးဖြစ်သော်လည်း မေလ ၂၃ ရက်နေ့က ထပ်မံဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်အား တပ်မတော်ဘက်မှ တရားဝင် တောင်းပန် ခဲ့ကြောင်း RCSS ခေါင်းဆောင်က ပြောသည်။

ကျိုင်းတုံဆွေးနွေးပွဲ၌ တွေ့ရသော ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း
“ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ (၁) တပ်မတော် ဒုတိယကာ ကွယ်ရေးဦးစီးချုပ်/ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းက ကျနော်တို့ဆီကို တရားဝင် တောင်းပန်ခဲ့တယ်။ သျှမ်းပြည်တွင်းအခြေစိုက်တဲ့ စစ်တိုင်းရုံးတွေဆီကိုလဲ RCSS/SSA နဲ့ အပစ်ရပ်ဖို့ အမိန့်စာပေးပို့လိုက် ပြီလို့ သူကပြောပါတယ်” - ဟု သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် က သျှမ်းသံတော် ဆင့်အားပြောပြသည်။

မေလ ၁၉ ရက်က ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးကာ သဘောတူညီချက် ၁၂ ချက် ရရှိပြီးနောက်ပိုင်း မေလ ၂၃ ရက်က သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲမြောက်ဘက် လွယ်ကောင်းမူးစေတီ အရှေ့ဘက် လွယ်ငေါင်း(မ်း) အနီးတွင်နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ရ၏။

တိုက်ပွဲဖြစ်ပွားစဉ် အစိုးရတပ် ခလရ ၆၅ က တပ်ပြေးများအား လိုက်လံရှာဖွေရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့၍ အပစ်အခတ်ရပ်စဲခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဘက်အသေအပျောက်စာရင်းမရှိ ဟုဆိုသည်။

သို့သော်လွယ်ကောင်းမူး (စေတီတော်) တပ်စခန်းအား အများကိုးကွယ်ရာဖြစ်ကြောင်း လူထုတောင်းဆိုချက် ကြောင့် သျှမ်းပြည်တပ်မတော်မှ တပ်ရုပ်ပေးခဲ့ ပြီးနောက် အစိုးရတပ်မှ ဝင်ရောက် အစားထိုးတပ်စွဲထား သည်။

ကျိုင်းတုံဆွေးနွေးမှုအပြီး ညစာစားပွဲ၌ မြန်မာအစိုးရကိုယ်စားလှယ်နှင့်သျှမ်းပြည်တပ်မတော်တို့အကြား ဆက် သွယ်မှုလွယ်ကူမြန်ဆန်စေရေးအတွက် ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များနှင့် အီးမေးလ်အကောင့် များလဲလှယ်ခဲ့ကြကြောင်း၊ လက်ရှိအခြေအနေတွင် လူထုနှင့် တခြားအဖွဲ့အစည်းများနှင့်ကိုယ်စားလှယ် လွှတ်၍ တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးအပေါ်လူထုအမြင်သဘောထားနှင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုဖြစ် ပေါ်လာရေးအတွက် လူထုအမြင်သဘောထားအားသိရှိရန် အဓိကဦးစားပေးလုပ်သွား မည်ဖြစ်ကြောင်း ဒုတိယ ဗိုလ် ချုပ်ကြီးယွက်စစ်က ဆက်၍ပြောပါသည်။

Most read this week