ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ စီစဉ်ပေးရန် ထိုင်းက မြန်မာကို တောင်းဆိုမည်

ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ စီစဉ်ပေးရန် ထိုင်းက မြန်မာကို တောင်းဆိုမည်
by -
ရွှေဟင်္သာ

ထိုင်းစစ်တပ်မှ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း (၉) ခုရှိ မြန်မာ ဒုက္ခသည် များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များ အလျင်အမြန် ဆောင်ရွက်ပေးရန် မြန်မာ အစိုးရအား ဆွေးနွေး စေလိုကြောင်း ထိုင်းအစိုးရ ထံသို့ တင်ပြထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရှိရပါသည်။

ဗိုလ်ချုပ် လှမင်းနှင့် ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat တို့ (၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံ - ဗန်ကောက်ပိုစ့်)

ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခု၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း တသိန်းခွဲခန့် ရှိသည်ဟု ဖော်ပြကြသော်လည်း၊ အမှန်တစ်ကယ် အရေအတွက်မှာ နှစ်သိန်းခန့်အထိ ရှိနိုင်ကြောင်း ထိုင်းအာဏာ ပိုင်များမှ ပြောပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာရှ ကာကွယ်ရေး ဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲ၌ ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat နှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့ တွေ့ဆုံခဲ့စဉ်၌လည်း အဆိုပါ မြန်မာ ဒုက္ခသည်များ နေရပ်ပြန်ပို့ ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဦးအမြင်များ ကိုဆွေးနွေးခဲ့ကြပါသည်။

ထိုင်းကာကွယ်ရေး ဝန်ကြီး မစ္စတာ Sukumpol Suwanatat မှ လွန်ခဲ့သည့် အပတ်၌ ထိုင်းတော်ဝင် တပ်မတော် စစ်ဦးစီး ချုပ်ဗိုလ်ချုပ် Prayuth Chan-ocha နှင့် တွေ့ဆုံခဲ့စဉ်၌လည်း မြန်မာ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက် က ဆိုပါသည်။

မြန်မာ ဒုက္ခသည်များမှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ယုံကြည်မှု အလွန်နည်းပါး နေသေးသည်ဟု ဆိုပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လည်ပတ်မည့် အစီအစဉ် သည် ဒုက္ခသည်များအတွက် အားတက်စေခဲ့ပါသည်။

မြန်မာ ဒုက္ခသည်များသည် မြန်မာပြည်၏ စစ်ရေးအခြေအနေနှင့် ဖိနှိပ်အုပ်ချုပ်မှု စနစ်ဆိုးကြောင့် ထိုင်းနိုင်ငံသို့ဝင် ရောက် ခိုလှုံခဲ့ကြရပါသည်။ ဤဝန်ထုတ်ဝန်ပိုးကို ထိုင်းနိုင်ငံကကူညီစောင့်ရှောက်ထား သည်မှာ နှစ်ပေါင်း (၃၀) ခန့်ရှိနေပြီး ဖြစ်ပါ သည်။ ဤသို့ကြောင့် ဒုက္ခသည်များ ပြန်ပို့ရေးသည်ထိုင်းနိုင်ငံ အတွက် အရေးကြီးလှပါသည်။