ကျောက်တူး စက်ယန္တာယားများ ရုတ်သိမ်းရန် ကချင်ပြည်နယ် တိုင်းမှူး ညွှန်ကြား

ကျောက်တူး စက်ယန္တာယားများ ရုတ်သိမ်းရန် ကချင်ပြည်နယ် တိုင်းမှူး ညွှန်ကြား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အနောက်ဘက် ဖါးကန့်ဒေသတွင် ကျောက်စိမ်းတူးဖေါ်နေသော စက်ယန္တာယားကြီးများကို မေလ (၃၀) ရက် နောက်ဆုံးသတ်မှတ်ပြီး ရုတ်သိမ်းရန်၊ မြန်မာအစိုးရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် ညွှန်ကြားခဲ့သည်။

hpakan-jade-mine-in-kachin
ကုမ္မဏီများ ကျောက်တူးဖော်ရာတွင်အသုံးပြုသော မြေတူးစက်၊ မြေကော်စက်နှင့် မြေတင်ကားများ အားလုံး ကို ကချင်ပြည်နယ် အနောက်တောင်ဘက် ဟိုုပင်နှင့် မိုးညင်းဒေသ သို့မဟုတ် အောက်မြန်မာပြည်သို့ ရုတ်သိမ်းရန် ညွှန်ကြားထားသည်ဟု ကုမ္ပဏီများ ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် ကုမ္ပဏီများထံမှ အခွန်ကောက်ခံ ရရှိနေခြင်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင်၊့ စက်ယန္တာယားများ ရုတ်သိမ်းအမိန့်ကို ကချင်ပြည်နယ် တိုင်းမှူး ဇေယျာအောင်မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း ကုမ္မဏီများ ဆက်ဆိုသည်။

ဖားကန့်တွင် လက်ရှိ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီကြီး ၂၀၀ ခန့်နှင့် စက်ယန္တာယားကြီး ၁၀၀၀ ခန့်ရှိသည်ကို KIO ဖါးကန့်ဒေသအုပ်ချုပ်ရေး အရာရှိတစ်ဦးထံမှသိရသည်။

တိုင်းမှူးအမိန့်ထွက်လာပြီး နောက်မကြာမီတွင် (KIO) ဘက်မှလည်း ကုမ္ပဏီများအား ၎င်းတို့၏ စက်ယန္တာယားများ ရုတ်သိမ်းခြင်း မပြုရန် သတိပေးခဲ့သည်ဟုဆိုသည်။

မေ တတိယ ပတ်မှစပြီး ကုမ္ပဏီအချို့မှ စက်ယန္တာယားများ ရုတ်သိမ်းလာခြင်းကို ဖါးကန့်-မိုးကောင်းလမ်းပေါ် တွင်၊ ဖါးကန့်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ မှ တားမြစ်ကာ ၄င်းယန္တာယားများအား ဖါးကန့်သို့ ပြန်ခေါက်စေခဲ့ကြောင်းကို တပ်ရင်း ၆ အရာရှိများထံမှသိရသည်။

မြန်မာစစ်အစိုးရနှင့် ၁၇ နှစ် ငြိမ်းချမ်းရေးကာလတွင် KIO သည် ဖားကန့်တွင် အခွန်ကောက်ခံခြင်း ရပ်ဆိုင်းထားခဲ့သည်။ သို့သော် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့သစ်မှ ၎င်းအား ၂၀၁၁ ဇွန်လ ၉ ရက်တွင် စတင် တိုက်ခိုက်လိုက်ပြီး နှစ်ဘက်ကြား စစ်ဖြစ်ပွားပြီးနောက်ပိုင်းမှ KIO သည် ဖါးကန့်တွင် အခွန်ပြန်လည် ကောက်ခံခြင်းဖြစ်သည်။

မြန်မာအစိုးရသည် ကချင်ပြည်နယ် ဖါးကန့်မှ ကျောက်စိမ်းနှင့် အခြား သယံဇာတများမှ နှစ်စဉ် တတိယ အများဆုံး နိုင်ငံခြားဝင်ငွေရရှိသည်။

Most read this week