ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပထမ ညီလာခံ အကြိုညှိနိုင်းပွဲ စတင်ကျင်းပ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပထမ ညီလာခံ အကြိုညှိနိုင်းပွဲ စတင်ကျင်းပ
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ပထမ အကြိမ် ညီလာခံ အကြိုညှိနိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ စစ်တွေ ပညာလင်္ကာရ ကျောင်းတွင် ကျင်းပခဲ့သည်။

RNDP-2

" ဟုတ်ပါတယ်။ နံနက် ၉ နာရီကနေ နေ့လည် ၂ နာရီထိ အကြိုညှိနိုင်းပွဲကို ကျင်းပခဲ့ပါတယ်။ ကိုယ်စား လှယ်ပေါင်း ၁၉၅ ဦးတက်ရောက်ခဲ့ပါတယ်" ဟု ညီလာခံ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးခိုင်ပြည်စိုးက ပြောသည်။

ယနေ့ ပြုလုပ်သော အကြိုညှိနိုင်း အစည်းအဝေးတွင် သဘာပတိ အဖြစ် ဦးခိုင်စိုးက တာဝန်ယူ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ဦးမြင့်နိုင်က ဆောင်ရွက်ခဲ့သည်။

" မြို့နယ် ပေါင်းစုံက ကိုယ်စားလှယ်တွေ၊ ပါတီ ဗဟိုခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ် တွေ စုံစုံလင် တက်ရောက်ကြပါတယ်။ အားရစရာ ကောင်းပါတယ်" ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ညီလာခံကို မေလ ၃၀ ရက်နေ့မှ စတင်ကာ သုံးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
RNDP-4
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ညီလာခံတွင် ပါတီအထွေထွေ အတွင်းရေးမှူးမှ တင်သွင်းမည့် စာတန်းအပါအဝင် တစ်ခြား ခေါင်းဆောင်များ၏ တင်ပြသော အစီရင်ခံစာများကို ဆွေးနွေး သုံးသပ်ကြမည် ဖြစ်ပြီး ပါတီ လက်ရှိ အခြေအနေအရပ်ရပ်နှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သုံးသပ် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ပါတီ ဗဟိုကော်မီ ရွေးချယ်တင်မြှောက်ပွဲကိုလည်း ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ညီလာခံကို နဂိုက ဦးဥတ္တမ ခန်းမတွင် ကျင်းပရန်စီစဉ်ထား သော်လည်း ပြည်နယ် အစိုးရမှ ခွင့်ပြုချက် မပေးသဖြင့် ပညာလင်္ကာရ ကျောင်းသို့ ပြောင်းရွှေ့ ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week