အသိမ်းခံရလယ်မြေများ မြေခွန်ပြေစာဖြင့်ပြန်တောင်းသော်လည်းမရ

အသိမ်းခံရလယ်မြေများ မြေခွန်ပြေစာဖြင့်ပြန်တောင်းသော်လည်းမရ
by -
သျှမ်းသံတော်ဆင့်

ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းအတွက် အသိမ်းခံရသော လားရှိုးမြို့ ဒေသခံ ညီအစ်ကို ၃ ဦး၏ လယ်မြေများ ကို မြေခွန်ပြေစာသက်သေအထောက်အထားဖြင့် ပြန်လည်တောင်းယူသော်လည်း မရခဲ့ကြောင်းလားရှိုးဒေသ ခံများကပြောသည်။

“ ဟိုပိတ်သား ဦးဆန်ဂုမ်း၊ ဦးဆန်ပန်း၊ ဦးဆန်ယွမ်း ညီအစ်ကိုသုံးယောက်ရဲ့ ဘိုးဘွားပိုင်မြေတွေလေ။ ၂၀၀၈ တုန်းက ကြက် ဆူစိုက်ခင်းလုပ်ဖို့ ကျေးရွာဥက္ကဌ မြေ ၃ ဧက အသိမ်းခံရတယ်။ ဒီနှစ်ကျတာ့ အဲဒီကြက်ဆူပင် တွေရှင်းလင်းပစ်ပြီးတော့ အဲဒီ မြေတွေကို ဥက္ကဌကနေ တရုတ်ကိုရောင်းပေးတာလေ။ ပိုင်ရှင်ကပြေစာနဲ့တကွ ပြန်သွားတောင်းတာ မရခဲ့ဘူး” ဟု လားရှိုး ဒေသခံ နန်းအေးကပြောသည်။

လားရှိုးမြို့နယ် ကောင်းကြဲ (ဟိုပိတ်) အုပ်စု ကောင်းတပ်ရွာဒေသခံ ၃ ဦး၏  မယ်ဇလီခြံ၊ ပဲပုတ်ခြံ၊ ယာမြေ  ၃ ဧက အား ကျေးရွာစံပြ ကြက်ဆူပင် စိုက်ပျိုးရန် ၂၀၀၈ က ဥက္ကဌဟောင်း ဦးဆန်ဖေမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုနှစ်ဆန်း က အဆိုပါ ကြက်ဆူခင်းဖျက်ပြီး မြေယာများအား တရုတ်လောပန်းထံ ဥက္ကဌက ရောင်းစားခဲ့ရာမှ ပြဿနာစတင်ခဲ့ခြင်းဖြစ် ကြောင်း ဆိုပါသည်။

“ အခု ကောင်းတပ်ရွာဥက္ကဌက ဦးထွန်းလူလေ။ သူ့ကို မြေခွန်ပြေစာသွားပြတော့လဲ သူက အဲဒီပြေစာ ကြာခဲ့ပြီဘဲတဲ့။ အကျုံးမဝင်တော့ဘူးဆိုပြီး မလုပ်ပေးခဲ့ဘူး။ ပြည်သူပိုင်အဖြစ်သိမ်းလိုက်ပြီဆိုတဲ့အမိန့်စာကို ပြပြီးတော့ ဘာမှ မဆောင် ရွက်ပေးခဲ့ဘူး” ဟု ဒေသခံ နန်းမီးကလဲ ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဒေသအတွင်း ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ ဥက္ကဌများကတောင်သူလယ် ယာဒေသခံများ ၏ လယ်ယာမြေများကို အဓမ္မသိမ်းယူပြီးကုမ္မဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များထံပြန် လည်ရောင်းချနေသည်ကို တွေ့ရ ကြောင်း ဒေသခံလူငယ်များက ပြောပါသည်။

တဖက်ကလည်း နှစ်ပေါင်းများစွာကအသိမ်းခံရသောလယ်ယာမြေတချို့မှာ ယခုအစိုးရသစ်တက်လာသည့် ကာလအတွင်း  နိုင်ငံရေးပါတီ၊ လွှတ်တော်အမတ်များက လွှတ်တော်တွင်း တင်ပြပေးမှုကြောင့် တချို့တလေ ပြန်လည်ရရှိခဲ့သည်များလည်း ရှိခဲ့ဖူးသည်ဟု လွှတ်တော်အမတ်များအသိုင်းအဝိုင်းမှ ကြားသိရသည်။