လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်
by -
နိရဥ္စရာ

မီဂါ၀ပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းကို စတင် တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်သည်။

လေးမြို့မြစ်သည် ရခိုင် လူထု၏ အသက်သွေးကြော ဖြစ််သည်။

" အခု တည်ဆောက်မယ့် နေရာက လေးမြို့မြစ် မြစ်ညှာပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဗွေချေ ကျေးရွာ အနီးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ အဲဒီနေရာက မြစ်လယ်မှာ တရုတ် အင်ဂျင်နီယာတွေနဲ့ မြန်မာ အင်ဂျင်နီယာတွေက မိုင်တိုင်တွေ စိုက်နေတာကို တွေ့ရတယ်။ ပီးရင် အလုပ်သမားတွေ နေထိုင်ဖို့ တန်းလျားတွေ ဆောက်ဖို့ မြေညှိနေတာတွေကို တွေ့ခဲ့ရပါတယ်" ဟု အဆိုပါ ဒေသသို့ များမကြာမှီက လေ့လာ ခရီးသွားရောက် ခဲ့သူ မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့မှ ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့သည် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာ ခဗွေချေ ကျေးရွာသို့ များမကြာမှီက လေ့လာခရီးသွားရောက်ခဲ့သည်။

" ကျွန်တော်တို့က အဲဒီ ဒေသကို မရောက်ဖူးတဲ့ အတွက် သွားရောက် လေ့လာတာ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေနဲ့လည်း တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကား ပြောဆိုခွင့်ရခဲ့ပါတယ်။ သူတို့ပြောတာကတော့ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ရွာတွေကို တောင်ပေါ်က ပြောင်းရွှေ့ဖို့ ပြောထားတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ် အစိုးရ အဖွဲ့့က ၀န်ကြီး တစ်ဦးရောက်ရှိလာပြီး တစ်ရွာက လူကြီး တစ်ယောက်စီကို ခေါ်ပြီး ခုလို ပြောသွားတာ ဖြစ်တယ်လို့ သူတိုု့က ပြောပါတယ်။ အဲဒီဒေသမှာ နေထိုင်သူ အများစုကတော့ ချင်းလူမျိုးတွေ ဖြစ်ကြပါတယ်" ဟု သူက ပြောသည်။

လေးမြို့မြစ် စီမံကိန်းကို စတင်ပါက စီမံကိန်း အပေါ်ပိုင်း နှင့် အောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၀၀ ခန့်ကို ထိခိုက်နိုင်ပြီး အများစု ကျေးရွာများမှာ ပြောင်းရွှေ့ရနိုင်ဖွယ် ရှိကြောင်း သူက ပြောသည်။

စီမံကိန်းအောက်ပိုင်းတွင် တည်ရှိသော ရခိုင်ကျေးရွာကြီး တစ်ရွာဖြစ်သော ပန်းမြောင်းကျေးရွာသို့ ဆက်သွယ် မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

" ဒီမှာတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး ဖြစ်ပေါ် တိုးတက်မူ မရှိသေးပါဘူး။ လူတစ်ချို့တော့ အဲဒီ နေရာကို သွားပီး အလုပ် သွားလုပ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့ ပန်းမြောင်းနဲ့ ဆိုရင် အခု ရေအားလျှပ််စစ် တည်ဆောက်မယ့် နေရာနဲ့ တော်တော် ဝေးပါတယ်။ မြောက်ဦးဘက်က သွားရင်တော့ နီးတဲ့ အတွက် စက်ကရိယာတွေကို အဲဒီ မြောက်ဦးကတဆင့် တင်ပို့နေကြတယ်လို့ သိရပါတယ်" ဟု ပြောသည်။

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ရောက်ရှိလာသောစက်ကရိယာများကို မြောက်ဦးသို့ တင်ပို့ပြီး မြောက်ဦးမှ တဆင့် စက်လှေငယ်များဖြင့် အဆိုပါ ဒေသသို့ တင်ပို့ကြသည်ဟု ဒေသခံ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

" စက်ကရိယာတော်တော်များကို မြောက်ဦးကို ယူလာပါတယ်။ မြောက်ဦးကနေ စက်ကရိယာတွေကို စက်လှေငယ်တွေနဲ့ အဲဒီ ခဗွေချေ ဆိုတဲ့ နေရာကို ပို့ပါတယ်။ တချို့ စက်ကရိယာတွေက ကြီးတဲ့ အတွက် တစစီဖြုတ်ပြီး စက်လှေတင်ကာ ပို့ရပါတယ်။ ဟိုရောက်တော့ ပြန်လည် တပ်ဆင်ပြီး အသုံးပြုကြရပါတယ်။ စက်လှေနဲ့ သွားရင်တော့ အဲဒီနေရာကို ရောက်ဖို့ တစ်နေ့နဲ့ တမွန်းတည်းလောက် အချိန်လိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြောက်ဦးကဘဲ သွားရ လာရ လွယ်တော့ ဒီကဘဲ ပစ္စည်းတွေကို တင်ပို့နေကြတာ ဖြစ်ပါတယ်။"

ယခု တည်ဆောက်မည့် လေးမြို့မြစ် ရေအား လျှပ်စစ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် အကြီးဆုံးဖြစ်ပြီး တရုတ် အစိုးရနှင့် ဖက်စပ် လုပ်ကိုင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

လေးမြို့မြစ်အား ရေကာတာ တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် မြစ်ကြောင်း တိမ်ကောပြီး သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးကာ လုပ်ကိုင် စားသောက်မရ ဖြစ်မည်ကို ဒေသခံများ အထူး စိုးရိမ်နေကြသည်ဟုလည်း သိရသည်။

" အခု လေးမြို့မြစ် စီမံကိန်းကထွက်တဲ့ လျှပ်စစ် ဓါတ်အားကို ကျွန်မတို့ ရခိုင်ပြည်မှာ သုံးရင်တော့ ဒေသအတွက် အကျိုးရှိပါမယ်။ ဒါပေမယ့် အခုကြားတာက ဘင်္ဂလာဒေချ့်ကို ထွက်လာတဲ့ ဓါတ်အားကို ရောင်းမယ်လို့ အသံထွက်နေတဲ့ အတွက် လူတွေက စိတ်ပျက်နေကြပါတယ်။ ပီးရင် မြစ်ကြောင်းတွေ ရေမစီးတော့တဲ့ အတွက် တိမ်ကော ပျက်စီး သွားမှာကိုလည်း လူတွေက စိုးရိမ်နေကြပါတယ်" ဟု မင်းပြား ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်ရန် အစိုးရမှ တရားဝင်ပြောကြားထားပြီး ယခုနှစ် မိုးရာသီ အတွင်း လေ့လာ တိုင်းတာမူများ ပြုလုပ်ပြီး ယခုနှစ် မိုးအကုန်တွင် ရေကာတာကို စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြောက်ဦး အင်ဂျင်နီယာက ပြောကြားသည်။

Most read this week