အမှတ် ၆၁၈ စစ်ရေယာဉ်မှူး မာန်အောင်မြို့တွင် ရိုင်းပျစွာ ဆဲဆိုစော်ကား

အမှတ် ၆၁၈ စစ်ရေယာဉ်မှူး မာန်အောင်မြို့တွင် ရိုင်းပျစွာ ဆဲဆိုစော်ကား
by -
နိရဥ္စရာ

မာန်အောင် ရေလက်ကြားတွင် တာဝန်ကျနေသော စစ်ရေယာဉ် အမှတ် ၆၁၈ မှ ရေယာဉ်မှူးသည် ယခုလ ၂၄ ရက်နေ့ ညနေက အရက်သေစာ မူးယစ် သောက်စားပြီး မာန်အောင်မြို့တွင် ရိုင်းပျစွာ ဆဲဆို စော်ကား သွားခဲ့ကြောင်း သတင်း ရရှိသည်။

Man-Aung

" သူ့နာမည်က ဗိုလ်မှူး သန်းဝင်းအောင်လို့ ခေါ်ပါတယ်။ မေလ ၂၄ ရက်နေ့ ညနေ ၁၁ နာရီကျော်ခန့်မှာ အရက်သေစာ သောက်စားပြီး သူဝင်ထွက်နေကျ အိမ်ကို လာပါတယ်။ ပီးရင် ကျွန်တော်တို့ ရပ်ကွက်ကလူတွေကို မိုက်ရိုင်းစွာ ဆဲဆို စော်ကားသွားခဲ့ပါတယ်။ မင်းတို့ အကောင်တွေကို အကုန်လုံး သေနတ်နဲ့ ပစ်သတ်မယ်။ ငါ ဘာဖြစ်တယ် ဘာညာ စသဖြင့် အမိအသီးနဲ့ မိုက်ရိုင်းစွာ ဆဲဆို စော်ကားသွားခဲ့ပါတယ်" ဟု မာန်အောင်မြို့ မြို့သစ် ရပ်ကွက်မှ အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ရေယာဉ်မှူး ဗိုလ်မှူး သန်းဝင်းအောင်သည် အဆိုပါနေ့က သူချစ်ကြိုက်နေသူ မာန်အောင်မြို့ မြို့သစ်ရပ်ကွက် စည်ပင်သာယာလမ်းမှ မထွတ်ထွတ်နေအိမ်သို့ ညဉ့် ၁၁ နာရီတွင် နောက်လိုက် တချို့နှင့် အရက်သေစာ မူးယစ်သောက်စားပြီး ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးတို့ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး အဆိုပါ အိမ်ရှေ့မှ နေ၍ ရပ်ကွက်သူ ရပ်ကွက်သားများအား မိုက်ရိုင်းစွာ ဆဲဆိုသွားခဲ့ကြောင်း သူက ဆိုသည်။

" အဲဒီ ရေယာဉ်မှူးက ညနေ အချိန်မတော် ရပ်ကွက်ကို ဘာတစ်ခုမှ အကြောင်းမကြားဘဲ ဆိုင်ကယ်နဲ့ ၀င်ထွက်နေတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဒီအပေါ်မှာ ကျေနပ်မူ မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တိုင်ကြားတာတွေရှိနေသလို ညအချိန်မတော် ရပ်ကွက်ထဲကို မဝင်ဖို့ တားမြစ်တာတွေ ရှိနေတဲ့ အတွက် သူက ခုလို ဆဲဆိုသွားတာပါ။ ဆဲဆိုတာက မိဘညီအစ်ကို မောင်နှမ မကြားဝံ့ မနာသာတဲ့ စကားတွေနဲ့ တကယ့်ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုသွားခဲ့ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ တိုင်းပြည် တာဝန်ကို ထမ်းဆောင်နေသော ဗမာ့တပ်မတော်မှ အဆင့်မြင့် အရာရှိ တစ်ဦးမှ သေနတ်အားကိုးဖြင့် ပြည်သူများ အပေါ် ရိုင်းပျစွာ ဆဲဆိုသွားခြင်း အပေါ် မကျေနပ်သော ရပ်ကွက်သူ ရပ်ကွက်သားများက မာန်အောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်လည်း ဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်း ဖြစ်သော ဦးသာညွှန့်အား တိုင်ကြားလိုက်ကြောင်း သိရသည်။

" ကျွန်တော်တို့ အခု မြို့နယ် အမတ် ဦးသာညွှန့်ကို တိုင်ကြားထားသလို ရပ်ကွက် လူတွေ စုပေါင်း လက်မှတ်ထိုးပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့့ကိုလည်း ဆက်လက် တိုင်ကြားသွားဖို့ စီစဉ်နေပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို ဒီအကြောင်း အသိပေး တိုင်ကြားထားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ တိုင်ကြားရခြင်းမှာ ဗိုလ်မှူး သန်းဝင်းအောင် အနေဖြင့် ယခင်ကလည်း ရပ်ကွက်တွင် စော်ကားမူများ ရှိနေ၍ ဖြစ်ကြောင်း တခြား ကျောင်းဆရာ တစ်ဦးကလည်း နိရဥ္စရာသို့ ပြောဆိုသည်။

" သူက ဒီတစ်ကြိမ် စော်ကားတာမဟုတ်ဘူး။ အရင်ကလည်း အရက်တွေ သောက်စားပြီး ရိုင်းပျစွာ ဆဲဆို စော်ကားထားတာတွေ ရှိတယ်။ မာန်အောင်မှာ ရိုးရာ သင်္ကြန်ကို ဧပြီလ ၂၅ ရက်နေ့က နောက်ဆုံး ကျင်းပတဲ့အခါ သူကြိုက်တဲ့ ကောင်မလေး ထွတ်ထွတ်နဲ့ သီချင်း အတူ မဆိုရတဲ့ အတွက် မဏ္ဍပ်ထဲက ခုံတွေကို အကုန် ရိုက်ချိုးသွားခဲ့ပါတယ်။ လူတွေကိုလည်း မိုက်ရိုင်းစွာ ဆဲဆိုသွားခဲ့ပါတယ်" ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် ဒေသရိုးရာ အရ သင်္ကြန်ကို ဧပြီလ လကုန်ပိုင်းထိ ကျင်းပလေ့ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း တာဝန်ကျနေသော စစ်ဗိုလ် စစ်သားများသည် ယခုကဲ့သို့ ရခိုင်လူထုကို စော်ကားနေသည်မှာ နေရာတိုင်းတွင် ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုက အစ ဒေသခံများအား မထင်ရင် မထင်သလို အနိုင််ကျင့် ရိုတ်ပုတ် ဆဲဆို ညှဉ်းပမ်း နှိပ်စက်မူများ ရှိနေကြောင်း၊ ယခုကဲ့သို့ ဗမာ စစ်ဗိုလ် စစ်သားများ၏ လုပ်ရပ်များ အပေါ် အများစု ရခိုင် အမျိုးသားများက လူမျိုးရေး အရ စော်ကားမူ အဖြစ် မြင်နေကြကြောင်း ဒေသတွင်းက လာသော သတင်းများအရ သိရှိရသည်။

Most read this week