ကချင်ဓမ္မဆရာကို မြန်မာစစ်သားများ ထိုးနှက် တိုက်ခိုက်

ကချင်ဓမ္မဆရာကို မြန်မာစစ်သားများ ထိုးနှက် တိုက်ခိုက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ်မှ အပြစ်မဲ့ ကချင် ဓမ္မဆရာတစ်ဦးကို မြန်မာအစိုးရစစ်သားများ စစ်ဆေးမေးမြန်းပြီး ကိုယ်ထိလက်ရောက် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ အသင်းက ဆိုသည််။

prayer-service-myitsone-dam

ထိုးနှက်ခံရသူ ဆရာသည် ဆွမ်ပီယန် (Sumpyi Yang)ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တရားဟောဆရာတဦးဖြစ်သည်။

ဆရာက ၎င်း၏ကျေးရွာမှမြောက်ဘက် မိုင် ၃၀ ကျော်အကွာ နမ်ခမ် (Nam Hkam) ကျေးရွာသို့ အရေးကြီးသော အသင်းတော်အစည်းဝေး (E.C.) သွားရောက်စဉ် မုန်လန်ရှီးဒီး (Mung Lang Shidi) ကျေးရွာ တံတားတွင် မြန်မာစစ်တပ် ခလရ ၁၃၇ စစ်သားများမှ ဆရာကို စုပေါင်းထိုးနှက်ကြသည်ဟု ဆရာနှင့်နီးစပ်သူများဆိုသည်။

တံတားစောင့် စစ်သားများက ဆရာကို ရပ်တန့်စစ်ဆေးရာ ဆရာက “ဓမ္မဆရာကဒ်ပြား” ထုတ်ပြစဉ် စစ်သားများ ဒေါသဖြင့် စုပေါင်းထိုးနှက်ကြပြီး ဆရာ၏ ဓမ္မဆရာကဒ်ပြား၊ မှတ်ပုံတင်ကဒ်ပြားနှင့် အခြားပါလာသောပစ္စည်းအားလုံးကို အဓမ္မသိမ်းယူခဲ့ကြောင်း သူကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန် ၉ ရက် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကြား တိုက်ပွဲများ စတင်လာချိန်မှ ကချင်ပြည်နယ်တဝန်း အစိုးရလုံခြံုရေးဂိတ်များတွင် အထူးသဖြင့် ကချင်အမျိုးသားများကို မေးမြန်းစစ်ဆေးမှုများ တိုး၍ပြုလုပ်လာသည်။

KIA က မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ဆွမ်ပရာဘွမ်မြို့မှ တောင်ဘက် မိုင် ၃၀ အကွာ ခဂရန်းယန် (Hka Garan Yang) ကျေးရွာမှ အစိုးရစစ်တပ် ခလရ ၁၃၈ စခန်းကို မေ ၁၀ ရက်တွင် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ၎င်းတပ်ရင်း၏ ဆွမ်ပရာဘွမ်မှ မြောက်ဘက် မိုင် ၂၀ ကျော် ဆွမ်ပီယန် တပ်စခန်းကိုလည်း မေ ၁၃ ရက်က တိုက်ခိုက်ခဲ့သည်။

ယခု တိုက်ပွဲများဖြစ်လာပြီးနောက် စစ်ဖြစ်သည့်ဒေသများမှ ကချင်ရွာသားများ ၄၀ ကျော်သည် နီးစပ်ရာ ဆွမ်ပရာဘွမ်မြို့ (Sumprabum) ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ထွက်ပြေးရောက်ရှိနေပြီဖြစ် သည်။

Most read this week