စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို် ခိုးထုတ်ရာတွင် ပါ၀င် ပတ်သက်နေ

စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို် ခိုးထုတ်ရာတွင် ပါ၀င် ပတ်သက်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် တပ်ရင်းမှူး တစ်ဦး အပါအဝင် စစ်အရာရှိ အများ အပြားသည် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေချ့်သို့ သစ်မှောင်ခိုတင်ပို့ရာတွင် ပါ၀င် ပတ်သက်မူများ ရှိနေကြောင်း သတင်း ရရှိသည်။

တက်ကနက်ဆိပ်ကမ်းရောက် မြန်မာမှ သစ်များ။
" သူတို့က မွတ်စလင် သူဌေး မာနှဆိုတဲ့ သူနဲ့ ပူးပေါင်းပြီး တစ်ဘက်နိုင်ငံကို သစ်တွေ ခိုးထုတ်နေပါတယ်။ အဓိက ပါ၀င်ပတ်သက်နေတာက ခမရ ၂၃၄ တပ်ရင်းမှူး ဖြစ်ပါတယ်။ သူ့ဆီက သစ်ထုတ်ခွင့် လက်မှတ်တွေနဲ့ မာနက သစ်တွေကို အတားအဆီးမရှိ ဘင်္ဂလာဒေချ့်ကို တင်ပို့နေပါတယ်" ဟု အမည်မဖေါ်လိုသူ သစ်လုပ်ငန်း လုပ်နေသူ တစ်ဦးက ပြောသည်။

သစ်မှောင်ခိုသမား မာနသည် သစ်ထုတ်ခွင့် ရရှိရေး အတွက် ခမရ ၂၃၄ တပ်ရင်းမှူး လိုအပ်သော မီးစက်၊ ကွန်ပျူတာ၊ မော်တော်ဆိုင်ကယ်၊ တေလီဗေးရှန်း၊ မီးပူ စသည့် ပစ္စည်းများ အပါအဝင် တခြား အဖိုးတန် ပစ္စည်းများကို ပုံမှန် လက်ဆောင် ပေးနေသည်ဟု သူက ပြောသည်။

" မာနက ၂၃၄ တပ်ရင်းမှူး ဘာလိုလို အကုန်ဝယ်ပေးတယ်။ တန်ဖိုးကြီးကြီး ပစ္စည်းတွေကအစ အချိုရည် အဆုံး တပ်ရင်းမှူး လိုအပ်တာကို အကုန် ၀ယ်ပေးတော့ တပ်ရင်းမှူးက သူ့တစ်ယောက်တည်းကို သစ်ထုတ်ခွင့် ပြုပေးထားပါတယ်။ အခုဆိုရင် မာနတို့ အဖွဲ့က သစ်တွေကို တဘက်နိုင်ငံကို ခိုးထုတ်နေတဲ့ အတွက် စိုင်းတင်တောင်တန်းနဲ့ မေယူတောင်မှာ သစ်တွေ မရှိတော့သလောက် ဖြစ်သွားပါပြီ" ဟု သူက ပြောသည်။

သစ်ခိုးထုတ်ပုံ လမ်းကြောင်းကိုလည်း သူက ယခုလို ပြောသည်။

" စိုင်းတင်နဲ့ မေယူတောင်တန်းကို သွားပြီးတော့ သစ်ခုတ်သမားတွေကို အငှားထည့်ပြီး သစ်တွေကို ခုတ်ခိုင်း တယ်။ အဲဒီက သစ်တွေကို တောင်ဘဇာ ကို သယ်ယူ လာတယ်။ အဲဒီက တဆင့် ခွဆုံဆိုတဲ့ နေရာကို ဘုတ်တွေနဲ့ ပို့တယ်။ အဲဒီ ကတဆင့် နတ်မြစ် သယ်ယူလာပြီး နတ်မြစ်ကတဆင့် ဘင်္ဂလာကို ဘုတ်ကြီး တွေနဲ့ တင်ပြီး ခိုးထုတ်ကြပါ တယ်" သူက ဆက်ပြောသည်။

အဆိုပါ သစ်များကို နတ်မြစ် ကမ်းခြေသို့ ပို့ရာတွင် တောင်ဘဇား အခြေစိုက် စကခ(၁၅)ကို ပိုက်ဆံပေး ရကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သစ်များကို ခုတ်လှဲ ထုတ်ယူရာတွင် သက်ဆိုင်ရာ နယ်မြေရှိ တပ်ရင်းမှူးများ၏ ခွင့်ပြုချက်နှင့် လက်မှတ် မပါဘဲ ထုတ်ယူခွင့် မရှိကြောင်း သိရသည်။ သစ်တောဌာန ၀န်ထမ်းများ ရှိသော်လည်း အများစု သစ်တောဝန်ထမ်းများပါ စစ်အရာရှိများနှင့် ပူးပေါင်းကာ ယခုကဲ့သို့ လုပ်စားနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျွန်းတစ်တန်လျှင် ကျပ် ၁၃ သိန်း၊ စကားဝါသစ် တသိန်းခွဲ၊ ကန်းညင် ၈ သောင်းနှင့် ရေမနီသစ်မှာ ကျပ် ၉သိန်းစျေး ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေချ့်တွင် မြန်မာမှ တင်သွင်းသော သစ်များကို ဖုတ် ဟုခေါ်သော အတိုင်းအတာဖြင့် ၀ယ်ယူကြပြီး တတန်တွင် သစ်ဖုတ် (၅၀) ရှိကြောင်း သိရသည်။ ဘင်္ဂလားဒေ့ချ်နိုင်ငံ နယ်စပ်မြို့ တက်ကနက်တွင် လက်ရှိ မြန်မာသစ် ပေါက်စျေးမှာ ကျွန်းသစ် တစ်ဖုတ်လျှင် တာကာ ၃၅၀၀၊ စကားဝါသစ် တစ်ဖုတ် ၂၆၀၀ တာကာ၊ ကန်းညင်သစ် တစ်ဖုတ် တာကာ ၁၂၀၀ ဖြစ်သည်။

လက်ရှိ ငွေလဲလှယ်နုန်းမှာ ဘင်္ဂလာ တာကာ ၁၀၀ကို မြန်မာကျပ်ငွေ ၉၅၀ ရှိသဖြင့် လက်ရှိပေါက်စျေးအရ မြန်မာနိုင်ငံမှ ကျွန်းသစ် တစ်တန်ကို ဘင်္ဂလာတွင် ကျပ် ၁၆ သိန်းကျော် ရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တင်ပို့ ကုန်များထဲတွင် သစ်တင်ပို့မူမှာ တွက်ခြေ အကိုက်ဆုံးဖြစ်သဖြင့် တရားဝင်ရော တရားမဝင်သည့် နည်းလမ်းနှင့်ပါ တခြား ကုန်ပစ္စည်းများထက် သစ်ကို အဓိက ဦးစားပေး တင်ပို့နေကြသည်ဟု သိရသည်။

Most read this week