သမဂ္ဂအဆောက်အဦး ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ

သမဂ္ဂအဆောက်အဦး ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ
by -
မဇ္ဈိမ

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တကသ အဆောက်အဦး နေရာဟောင်းတွင် ကျောင်းသားသမဂ္ဂ အဆောက် အဦး ပြန်လည် တည်ဆောက်ခွင့်ရရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကတောင်းဆို လှုပ်ရှားနေသည်ဟု ဆိုသည်။

7-july-1962-2

သမိုင်းဝင် အဆောက်အဦးဖြစ်၍ ပြည်သူအားလုံး ပါဝင်လာနိုင်ရေး လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှ ပြောသည်။

“တကသ အဆောက်အအုံ ပြန်လည်ရရှိရေးအတွက် ခေတ်အဆက်ဆက်၊ မျိုးဆက်ပေါင်း အဆက်ဆက် တိုက်ပွဲ ဝင်ရင်းနဲ့ အသက်ပေးသွားရတဲ့သူတွေ အများကြီးပါ။ ဒီလူတွေရဲ့မျှော်လင့်ချက်၊ ရည်မှန်းချက်ကို ပြည့်ဝအောင်လို့ ကျနော်တို့ဒီခေတ်မှာ အကောင်အထည်ဖော်ဖို့ အင်မတန်အရေးကြီးပါတယ်။ သမိုင်းနဲ့ချီပြီး အရေးပါသလို တမျိုးသားလုံးနဲ့ချီပြီး အရေးပါတယ်လို့ ပြောလို့ရတယ်” ဟု မဇ္စျိမကို ပြောသည်။

ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပသည့်နေ့တွင် ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ထွန်းရေး စေတနာရှိရှိ၊ လိုလိုလားလား ပါဝင်လာသူများ၏ အမည်စာရင်းနှင့် လက်မှတ်များအား ဇူလိုင် ၈ ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် ထံ ပေးပို့သွားမည်ဟု ဆိုသည်။

“အခုလောလောဆယ် ကျနော်တို့က လက်မှတ်တွေ ကောက်ယူ စုဆောင်းမယ်။ တိုင်းပြည်က လေးစားတဲ့ ဆရာဒဂုန်တာရာတို့လို၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်တွေကို ပါဝင်လက်မှတ်ရေးထိုးစေလိုပါတယ်။ အဓိကကတော့ သမိုင်းတန်ဖိုးရှိတဲ့ တကသ အဆောက်အဦးကို ပြန်လည် တည်ဆောက်ပေးချင်တဲ့ စိတ်ဆန္ဒရှိတဲ့ ဘယ်သူမဆို အားလုံးပါဝင်နိုင်ရေး ကျနော်တို့ လှုံ့ဆော်တာပါ” ဟု ဗကသ ဥက္ကဋ္ဌ ကျော်ကိုကို က တိုက်တွန်းသည်။

နေရာဒေသအသီးသီးမှ စေတနာရှိရှိ လိုလိုလားလား လှုဒါန်းပေးပို့လာသည့် ဘဏ္ဍာငွေများကို စနစ်တကျ စီမံဆောင်ရွက်မည့် ကော်မတီတရပ် ဖွဲ့စည်းကာ နောင်တော် ကျောင်းသားမျိုးဆက်များနှင့်အတူ သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေး အတူတကွ လက်တွဲလုပ်ဆောင် သွားမည်ဟုပြောသည်။

လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါ ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားပြီး လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံကြောင်း ကိုကျော်ကိုကိုမှ ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ တွေ့ခဲ့တုန်းက သူက ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် ပေါ်ထွန်းရေးကို အပြည့်အဝကူညီ မယ် လို့ပြောခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ထောက်ခံ တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ဒီမိုကရေစီစနစ်ဆီသို့ လျှောက်လှမ်းနေသည့် လက်ရှိသမ္မတဦးသိန်းစိန် အစိုးရမှလည်း ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ထား ကြောင်းလည်း “ကျောင်းသားသမဂ္ဂ ဆိုတာ ဒီမိုကရက်တစ်နိုင်ငံတိုင်းမှာ ရှိသင့်တဲ့ အဖွဲ့အစည်းဖြစ်သလို ကျနော်တို့နိုင်ငံမှာဆို ပိုပြီးတော့တောင် လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမဂ္ဂ ရဲ့သမိုင်းနဲ့ အစဉ်အလာကို မတရားသော နည်းလမ်းနဲ့ ဖျက်သိမ်းခံရတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ ဒီနေရာမှာ အဆောက်အဦး ပြန်ဆောက်ဖို့အတွက် ကျနော်တို့ မျှော်လင့်တယ်။ ခွင့်မပြုခဲ့ဘူးဆိုရင်လည်း ကျနော်တို့က ခွင့်ပြုတဲ့ အဆင့်တခုခု ရောက်ရှိလာအောင်၊ အခြေအနေတခုခု ရောက်လာအောင်၊ ဆက်လက် ဖန်တီးသွားမှာပါ။ ဒီအတိုင်းကျနော်တို့ရပ်နေမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်၏ ကျောင်းသား သမဂ္ဂ အဆောက်အဦး ရန်ကုန်တက္ကသိုလ် ပရဝုဏ် အတွင်း ခေတ်နှင့်အညီ ပြန်လည်တည်ဆောက်ရန် “ပြည်သူသို့ အိတ်ဖွင့်ပေးစာ”အား ဗကသ များအဖွဲ့ချုပ်အနေဖြင့် ကြိုဆိုကြောင်း ပြောသည်။

တနှစ်အတွင်း ကျောင်းသားထု ညီလာခံကို ခေါ်ယူသွားရန် စီစဉ်ထားရှိပြီး ကျောင်းသားသမဂ္ဂ ပြန်လည် တည်ဆောက်ရေးအတွက် ထောက်ခံမှု ပိုမိုရရှိအောင် ဆောင်ရွက်သွားမည်ဟုသည်။

ယခင် တကသ အဆောက်အဦးမှာ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက်နေ့ နံနက်ပိုင်းတွင်း ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ခံခဲ့ရသည်။