ဦးဥတ္တမခန်းမမှာ RNDP ရဲ့့ ညီလာခံ ကျင်းပခွင့် မရတာ ဘာကြောင့်လဲ (ညီလာခံ ကျင်းပရေး ကော်မီတီ အထွေထွေ အတွင်းရေးမှူးနဲ့ တွေ့ဆုံမေးမြန်ခန်း)

ဦးဥတ္တမခန်းမမှာ RNDP ရဲ့့ ညီလာခံ ကျင်းပခွင့် မရတာ ဘာကြောင့်လဲ (ညီလာခံ ကျင်းပရေး ကော်မီတီ အထွေထွေ အတွင်းရေးမှူးနဲ့ တွေ့ဆုံမေးမြန်ခန်း)
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပထမအကြိမ် ပါတီ ညီလာခံကို မေလ ၂၉ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ရခိုင်ပြည်နယ်ထဲမှာ အဓိက အင်အား အကြီးမားဆုံး နိုင်ငံရေး ပါတီကြီး တစ်ခု ဖြစ်သလို ၂၀၁၀ ခုနှစ် ရွွှေးကောက်ပွဲ မှာလည်း လက်ရှိ စစ်တပ် ကျော့ထောက် နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး ပါတီကိုတောင် ကျော်လွန်ပြီး အမတ် နေရာ ၃၄ နေရာနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ အနိုင်ရရှိထားတဲ့ ပါတီ တစ်ခုလည်း ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပထမအကြိမ် ပါတီ ညီလာခံကို မေလ ၂၉ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ရခိုင်ပြည်နယ်ထဲမှာ အဓိက အင်အား အကြီးမားဆုံး နိုင်ငံရေး ပါတီကြီး တစ်ခု ဖြစ်သလို ၂၀၁၀ ခုနှစ် ရွွှေးကောက်ပွဲ မှာလည်း လက်ရှိ စစ်တပ် ကျော့ထောက် နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး ပါတီကိုတောင် ကျော်လွန်ပြီး အမတ် နေရာ ၃၄ နေရာနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ အနိုင်ရရှိထားတဲ့ ပါတီ တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် သုံးဦးဟာ ကြံ့ခိုင်ရေး ပါတီက ဦးဆောင်တဲ့ ပြည်နယ် အစိုးရ အဖွဲ့ထဲမှာ ၀န်ကြီးတွေ အဖြစ် ပါ၀င်ပီး တာဝန် ထမ်းရွက်နေပါတယ်။ ခုလို ရခိုင်ပြည်နယ် အတွင်းက အင်အား အကြီးဆုံး၊ လူထု ထောက်ခံမူ အရရှိဆုံး ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ရှိနေတဲ့ ပါတီ တစ်ရပ်ဟာ သာမန် မွေးနေ့ပွဲ့က အစ မင်္ဂလာဆောင် အဆုံး ပြုလုပ်ခွင့်ရနေတဲ့ စစ်တွေမြို့လယ်က ဦးဥတ္တမ ခန်းမမှာ ညီလာခံ ကျင်းပ ပြုလုပ်ခွင့် မရရှိခဲ့ပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ။ အကြောင်းစုံကို သိရှိနိုင်ဖို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပထမ အကြိမ် ညီလာခံကျင်းပရေး ကော်မီတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြကျော်ကို နိရဥ္စရာက ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စပြောပါတယ်။
RNDP-Invitation-letter
ဦးအောင်မြကျော် ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အခု ဦးဥတ္တမခန်းမကို အစိုးရအဖွဲ့က ပြုလုပ်ခွင့် မရှိဆိုပြီးတော့ ကျွန်တော်တို့ဆီကို အကြောင်း ပြန်ကြားထားပါတယ်။

မေး။ ။ ခုလို ပြုလုပ်ခွင့် မပေးနိုင်ဘူးဆိုတဲ့ အပေါ် ဘယ်လို မြင်ပါသလဲ။ သွေးရိုးသားရိုး လို့ ယူဆပါသလား။ (သို့မဟုတ်) နောက်ကွယ်က အကြောင်းအရာ တစ်ခုခု ရှိတယ်လို့ ယူဆပါသလား။

ဦးအောင်မြကျော် ။ ။ ကျွန်တော်တို့ RNDP ပါတီ အနေနဲ့တော့ ဒီကိစ္စဟာ သွေးရိုးသားရိုး မဟုတ်ဘူး လို့ သုံးသပ်ထားပါတယ်။ ဒီအချက်ကလည်း ပေါ်ပေါ်လွင်လွင်ကို သိနေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက် ကစပြီး ဒီခန်းမကို အသုံးပြုခွင့်ရရေး အတွက် ကျွန်တော်တို့ စည်ပင်ကို ခွင့်ပြုချက် သွားတောင်းပါတယ်။ စစ်တွေမှာ ရှိတဲ့ ဒီခန်းမကို သာမန် လူတွေကတောင် ဌားရမ်း အသုံးပြုနေတဲ့ အတွက် သာမန် ကိစ္စလို့ယူဆပြီး တော့ စည်ပင်ကနေ စပြီးတော့ ခွင့်ပြုချက် သွားတောင်းတာ ဖြစ်ပါတယ်။ စည်ပင်က ဘာပြောလဲဆိုတော့ ဒီကိစ္စကို သူတို့ အဆင့်နဲ့ ဆုံးဖြတ်လို့ မရဘူး။ ဒီကိစ္စဟာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ခွင့်ပြုချက်ရမှသာ ခွင့်ပြုနိုင်မှာ ဖြစ်တယ် ဆိုပြီးတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ဒီခန်းမဟာ ကျွန်တော်တို့ အနေနဲ့ ပြောရမယ် ဆိုရင် သမက်တက်ပွဲ၊ မွေးနဲ့ပွဲ သာမန်ရိုးရိုး ပွဲကြီးပွဲငယ်တွေကို ကျင်းပနေတဲ့ ခန်းမတစ်ခုပါ။ ကျွန်တော်တို့ ပါတီက ညီလာခံ လုပ်မယ် ဆိုခါပြီးမှ ငှားခွင့်မရတော့ဘူး။ အဲလိုဆိုတော့ ကျွန်တော်တို့ ၀န်ကြီးချုပ်ကို သွားတွေ့ပါတယ်။ ၀န်ကြီးချုပ်ကလည်း ဘာမှ တိတိကျကျ မပြောပါဘူး။ ဒီပါတီကို ခွင့်ပြုပေးလိုက်ရင် တခြားပါတီကိုလည်း ခွင့်ပြုလာရမယ့် သဘောမျိုး ပြောပါတယ်။ မြို့တမြို့မှာရှိတဲ့ ခန်းမတခုကို ပါတီကဘဲ ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကဘဲ ဖြစ်ဖြစ် ဘယ်သူ မဆို ငှားလို့ရတဲ့ ကဏ္ဍ တခုပါ။ ကျွန်တော်တို့ ပါတီက လူထုလှုံ့ဆော်ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာလည်း မဟုတ်ဘူး။ ပါတီညီလာခံ ဆိုတာက ပါတီတွင်းမှာ သူ့ကိစ္စနဲ့ သူ ပါတီတွင်း ကိစ္စရပ်တွေ၊ လုပ်ငန်းစဉ် တွေကို ဆွေးနွေးမယ့် လုပ်ဆောင်မှု ကဏ္ဍ တခုသာ ဖြစ်ပါတယ်။ နောက်တော့ ၀န်ကြီးချုပ်က စည်ပင်ကို သွားကြည့်ပါ ဆိုပြီး ပြောပါတယ်။ အဲဒီ နေ့ရက်တွေမှာ အဲဒီခန်းမထဲမှာ တစ်ခြား အစီအစဉ်တွေ ရှိနေသလား စုံစမ်းကြည့်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီလ ၂၁ ရက်နေ့က စည်ပင်ကို သွားပါတယ်။ အဲဒီနေ့က သွားပြောတော့ စည်ပင်က ဘာပြော လဲဆိုရင် ဦးဥတ္တမခန်းမကို ၂၃ရက်နေ့ကနေ အကြီးစားပြင်ဆင်မှုရှိတဲ့ အတွက်ကြောင့် ဒီခန်းမကို ကျွန်တော် တို့ခွင့်ပြုမပေးနိုင်ဘူး ဆိုပြီးတော့ ပြောပါတယ်။ ကျွန်တော်တို့က အကြီးစား ဘယ်ဟာတွေ ပြင်ဆင်မှု ရှိပါသလဲလို့ မေးတော့ သူတို့ကဘက် ပြောတာက အမိုးအခေါင်တွေကို ပြင်ဆင်စရာ ရှိတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ပြောချင်တာက အဲလို အမိုးအခေါင်တွေ ပြင်ဆင်ဖို့ဆိုရင် ဒီလောက် မိုးရာသီ မိုးတွေရွာနေတဲ့ အချိန်ခါမှ အမိုးတွေကိုပြင် ရလားဆိုပြီးတော့ စောဒက တက်ကြတယ်။ အဲလို အမိုးအကာတွေ ပြင်စရာ ရှိတယ်ဆိုပြီး အကြောင်းပြတာကတော့ အချက်ကျကျ၊ စီမံချက် ချပြီးတော့ ကျွန်တော်တို့ပါတီ ညီလာခံပျက်ပြားအောင် တမင်တကာ အကွက်ဆင်ပြီး လုပ်တယ်လို့ဘဲ ကျွန်တော်တို့ ပါတီက သုံးသပ်ပါတယ်။

မေး။ ။ ဦးဥတ္တမ ခန်းမမှာ ကျင်းပ ပြုလုပ်ခွင့် မပေးတဲ့ အပေါ်ကော ဘယ်လို မြင်ပါသလဲ။ ဘယ်လို ပြောချင်ပါသလဲ။

ဦးအောင်မြကျော်။ ။ ကျွန်တော်တို့ ညီလာခံ ကျင်းပဖို့ကလည်း လေးငါးရက်လောက်ဘဲ လိုပါ တော့တယ်။ အဲသလို အခြေအနေမျိုးကို ရောက်ပီးခါမှ နိုင်ငံရေး အရ တကယ်တက်တက်ကြွကြွ နိုင်ငံရေးလုပ်နေတဲ့ ပါတီတခုရဲ့ ညီလာခံ တစ်ခုကို တင့်တင့်တယ်တယ် လုပ်ပိုင်ခွင့် မရအောင် အစိုးရအဖွဲ့က ဟိုလို ကန့်ကွက်၊ ဒီလိုကန့်ကွက်နဲ့ သမက်တက်ပွဲ၊ မွေးနဲ့ပွဲ ပွဲအမျိုးမျိုးကို ခွင့်ပြုနေတဲ့ ခန်းမ တစ်ခုကို ခွင့်မပြုဘူးဆိုတဲ့ သဘောဟာ အထက်မှာ သမ္မတဦး သိန်းစိန်က ဘယ်လောက်ဘဲ ပြောင်းလဲ၊ ပြောင်းလဲ နေတယ်လို့ ပြောပြော အောက်ခြေမှာ ဖြစ်ချင်တိုင်း ဖြစ်နေတယ်ဆိုတာကို ပြသ လိုက်တာဘဲ ဖြစ်ပါတယ်။ ဒီလိုဘဲ ကျွန်တော်တို့ ပါတီအနေနဲ့ သုံးသပ်မိပါတယ်။ ခုလို ဘာမှ မဟုတ်တဲ့ ခန်းမ တစ်ခုလောက် ငှားဖို့ ကဏ္ဍကိုတောင် အကြီးအကျယ် ကြောက်နေတဲ့ အခြေအနေဆိုတော့ ကျွန်တော်တို့ လို တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်တွဲပြီး ရှေ့ဆက်သွားဖို့ ကဏ္ဍကတော့ တကယ့် စိုးရိမ်ရတဲ့ အခြေအနေမှာရှိ တယ်လို့ ကျွန်တော်တို့ ပါတီက ပြောချင်ပါတယ်။

မေး။ ။ အဲလိုဆိုရင် RNDP ပါတီရဲ့ ညီလာခံကို အခု ဘယ်နေရာမှာ ကျင်းပသွားဖို့ စီစဉ်ထားပါသလဲ။

ဦးအောင်မြကျော်။ ။ ကျွန်တော်တို့မှာတော့ ညီလာခံ ကျင်းပဖို့အတွက် အကုန်လုံး အဆင်သင့် လုပ်ထားပြီးသား ဖြစ်ပါတယ်။ ဘယ်နေရာမှာဘဲရရ ကျွန်တော်တို့ကတော့ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ကျွန်တော်တို့က လုပ်သွားမှာပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ ဂုဏ်သရေ ရှိရှိ လုပ်သွားမှာပါ။ ဆရာတော်ပ ညာလင်္ကာရ ရဲ့ ခွင့်ပြုချက်အရ ပညာလင်္ကာရကျောင်းမှာ ကျွန်တော်တို့ ညီလာခံ လုပ်ဖို့အတွက် အစီအစဉ်ချထားပါတယ်။

မေး။ ။ အခု ပြုလုပ်မယ့် RNDP ပါတီရဲ့ ညီလာခံဟာ လက်ရှိ အစိုးရနဲ့ ကြံ့ခိုင်ရေး ပါတီကို ထိခိုက်စရာတွေ ရှိနေတယ်လို့ သူတို့ဘက်က ယူဆနေပုံ ရပါသလား။ အဲဒီလို အမြင်ရှိခဲ့ရင် ဘာပြောချင်ပါသလဲ။

ဦးအောင်မြကျော်။ ။ အစိုးရ အတွက်ရော ကြံ့ခိုင်ရေး ပါတီအတွက်ပါ ထိခိုက် စရာဆိုလို့ ဘာတခုမှ မရှိပါဘူး။ ကိုယ့်ပါတီ အတွင်းမှာ အစည်းအဝေးလုပ် တဲ့ သဘောတခုပါ။ ပြည်သူတွေကို လှုံ့ဆော်တဲ့ ဟောပြောပွဲ လုပ်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ တကယ်လို့ ပြည်သူတွေကို ဟောပြောပွဲလုပ်ဖို့အတွက် လှုံ့ဆော် နေတယ် ဆိုရင်တော့ တမျိုးဘဲပေါ့။ ဥပမာအားဖြင့် ကျွန်တော် တို့ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ လွှတ်တော် အတွေ့ အကြံု ရှင်းလင်းပွဲ ကဏ္ဍဆိုတော့လည်း ့ တမျိုးပြောလို့ရတယ်။ ခုကတော့ ကျွန် တော်တို့ ပါတီရဲ့ ညီလာခံ၊ ၁၇ မြို့နယ်မှာ ရှိတဲ့ ပါတီဝင်တွေကို စုစည်းပြီးတော့ အစည်းအဝေး ညီလာခံ လုပ်တဲ့ ကဏ္ဍလောက်သာ ဖြစ်ပါတယ်။ ပြည်သူလူထုကို စည်းရုံး လှုံ့ဆော်ပြီး အစိုးရကို ဆန့်ကျင်မူ လုပ်သွားဖို့ ဘာတခုမှ မပါဘူး။ ပြည်သူအတွက် ထိခိုက်စရာ၊ အစိုးရအတွက် ထိခိုက်စရာ အကြောင်း ဘာတခုမှ မပါပါဘူး။ အဲလိုကဏ္ဍမျိုးမှာတောင် ကျွန်တော်တို့ကို တားဆီးတာမျိုး၊ ခွင့်ပြုချက် မပေးတာမျိုး ပြုလုပ်တာဟာ နောက်ကွယ်မှာ ရိုးသားမှုမရှိဆိုတာကို ပြသလို အမျိုးသား ရင်ကြားစေ့ရေး၊ ယုံကြည်မူ တည်ဆောက်ရေး အပိုင်းတွေမှာလည်း အစိုးရ တာဝန်ရှိသူတွေဘက်မှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်လို့ ကျွန် တော်တို့ အနေနဲ့ ပြောချင် ပါတယ်။

(ပြီး)

Most read this week