ညီနောင်တိုင်းရင်းသား ပါတီ ပေါ်ပေါက်ရေး အချိန်လိုအုံးမည်ဟုဆို

ညီနောင်တိုင်းရင်းသား ပါတီ ပေါ်ပေါက်ရေး အချိန်လိုအုံးမည်ဟုဆို
by -
နိရဥ္စရာ

ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း စသည့် ညီနောင်တိုင်းရင်းသားများဖြင့် စုပေါင်း ဖွဲ့စည်းသော နိုင်ငံရေး ပါတီကြီး တခု ပေါ်ပေါက်ရေးမှာ အချိန်လိုအုံးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေအထွေ အတွင်းရေးမှူး ဦးဦးလှစောမှ များမကြာမီက နိရဥ္စရာသို့ ပြောကြားသည်။

ဦးဦးလှစော ပါတီ အခမ်းအနား တစ်ခုတွင် မိန်းခွန်း ပြောကြားနေစဉ် ( ဓါတ်ပုံ- နိရဥ္စရာ)
" အဲဒါက မူတစ်ခုအနေနဲ့ ရှိနေတာပါ။ နောက်လာမယ့် ၂၀၁၅-ခုနှစ် ရွှေးကောက်ပွဲမှာ ပြည်နယ် ရ ခုက တိုင်းရင်းသား ညီနောင်ပါတီတွေကို တခုတည်းသော နိုင်ငံရေး ပါတီ အဖြစ် စနစ်တကျ ဖွဲ့စည်းပြီး NLD ပါတီ၊ ကြံ့ခိုင်ရေး ပါတီတွေနဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ ကြံ့ကြံ့ခံပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့ အတွက် စဉ်းစားကြတာပါ။ ဒါဟာ မူတခု ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အကျိုး စီးပွား၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတခု ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ကြတာပါ။ ဒါပေမဲ့ လောလောဆယ်တော့ မပေါ် နိုင်သေးပါဘူး။ အချိန်လိုပါအုံးမယ်" ဟု ဦးဦးလှစောက ပြောသည်။

ရှမ်း၊ချင်း၊ ရခိုင်၊ မွန်၊ ကရင် စသည့် ညီနောင်တိုင်းရင်းသားများပါ၀င်သော ပါတီတခုကို ၆လ အတွင်းမှာ ဖွဲ့စည်း သွားမည်ဟု တိုင်းရင်းသား ပါတီများ အကြား သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ ဦးဦးလှစောက ယခုလို ဆက်ပြောသည်။

" ဒီကိစ္စဟာ ခုနက ပြောခဲ့သလိုဘဲ ကျွန်တော်တို့ အနေနဲ့ အယူအဆတခု အနေနဲ့ စဉ်းစားထားတာပါ။ ခုမြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ ကြံ့ခိုင်ရေး ပါတီရှိတယ်။ NLD ပါတီ ဆိုတာလည်း ရှိတယ်။ ခုဆို NLD ပါတီဟာလဲ ပါလီမန် စည်းဝိုင်းထဲကို ၀င်လာတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ အနေနဲ့လည်း တူညီတဲ့ သဘောထားတွေ ရှိနေကြတဲ့ အတွက် အားကောင်းတဲ့ အဖွဲ့အစည်းတရပ် ဖွဲ့ဖို့ ပြင်ဆင် နေတဲ့ သဘောမျိုးပါ။ ခုကျွန်တော်တို့မှာ Nationalities Brotherhood ( NBH) နာမည်နဲ့ တိုင်းရင်းသား ပါတီ ၆ ဖွဲ့ပါတဲ့ မဟာမိတ် သဘောနဲ့ တွဲထားတာရှိတယ်။ အချိန်ယူပြီး စဉ်းစား နေကြတုန်းဘဲ ဖြစ်ပါတယ်။"

သို့သော်လည်း တဖွဲ့ တပါတီ အဖြစ် ပေါင်းစည်းရေးထက် မဟာမိတ် သဘောမျိုးဖြင့် လက်တွဲ ဆောင်ရွက်သွားကြမည့် အခြေအနေမှာ ပိုမို ဖြစ်နိုင်ခြေ ရှိကြောင်း သူက ပြောသည်။

" ဒါက မဟာမိတ်အနေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ပါတီတခုချင်း တခုချင်း တခုချင်းအနေနဲ့ ပေါင်းပြီး နောက်လာမယ့် ရွေးကောက်ပွဲမှာ ပါတီ ထူထောင်ဖို့ ဆိုတာတော့ သိပ် အလားအလာ မရှိဘူး။ ကျွန်တော်တို့ ၆ပါတီ ရ ပါတီကို အခိုင်အမာ စုစည်းပြီး မဟာမိတ် အင်အားစု အနေနဲ့ရပ်တည် သွားဖို့က ပိုဖြစ်နိုင်ခြေများပါတယ်။ ခုလည်း Nationalities Brotherhood နာမည်နဲ့ ရပ်တည်လို့ ရှိပါတယ်။ ခုဖွဲ့ထားတဲ့ မဟာ မိတ်အဖွဲ့ကို ပိုမိုခိုင်မာလာအောင်၊ ပိုပြီးတော့ ကျစ်လစ် ခိုင်မာအောင် လုပ်သွားမှာပါ။"

ယခုလိုတိုင်းရင်းသား ပါတီတွေစုပေါင်းပြီး လက်တွဲ လုပ်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်း သူက ယခုလို ပြောသည်။

" ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေက NBH နာမည်နဲ့ ပူးပေါင်း လုပ်ကိုင်နေကြတဲ့ အဓိက အကြောင်းတရားက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ေပေါ်ထွန်းလာရေးအတွက် ဖြစ်ပါတယ်။ တဖွဲ့ တပါတီ တည်းနဲ့ လုပ်နေလို့တော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင် စုကြီးပေါ်လာမှာ မဟုတ် ပါဘူး။ အဓိက ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ မဟာဗျူဟာကို နည်းဗျူဟာ ကျကျနဲ့ စနစ်တကျ စုစည်းပြီးလုပ် မှသာရမှာဖြစ်တယ်။ ကျွန်တော်တို့ မှာ အတွေးအခေါ် တူညီတဲ့ ခေါင်းဆောင်ကောင်းတွေ အများကြီးရှိတယ်။ အားလုံး စုပေါင်း လုပ်ကြရင် ကျွန်တော်တို့ မျှော်မှန်းနေတဲ့ ပန်းတိုင်ကို မကြာခင် ရောက်ကြရမှာပါ" ဟု ဦးဦးလှစောက ပြောကြားသွားသည်။

Most read this week