RNDP ညီလာခံ ဦးဥတ္တမ ခန်းမတွင် ကျင်းပခွင့်မရ

RNDP ညီလာခံ ဦးဥတ္တမ ခန်းမတွင် ကျင်းပခွင့်မရ
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမအကြိမ် ညီလာခံကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခွင့် မရကြောင်း သတင်း ရရှိသည်။

ottama-hall

မေလ ၂၉ ရက်နေ့ စတင်ကျင်းပမည့် ပထမအကြိမ် ညီလာခံကို ဦးဥတ္တမခန်းမတွင် စစ်တွေမြို့နယ် စည်ပင်က ကျင်းပခွင့် မပြုကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ ပြောသည်။

" သူတို့က ဘယ်လို သဘောနဲ့ ညီလာခံ ကျင်းပခွင့် မပေးဘူး ဆိုတာကိုတော့ ကျွန်တော်တို့လဲ မပြောတတ်ဘူး။ ကျွန်တော်တို့ ပါတီက အဲဒီမှာ ညီလာခံ လုပ်ဖို့အတွက် ခွင့်တောင်းထားပါတယ်။ အခု အဲဒီမှာ လုပ်ခွင့် မပေးဘဲနဲ့ ပညာ လင်္ကာရ ကျောင်းကိုဘဲ ညီလာခံ လုပ်ဖို့ နေရာပေးပါတယ်" ဟု ပြောသည်။

ဦးဥတ္တမခန်းမမှာ အများပြည်သူပိုင် ဖြစ်ပြီး ပါတီ အဖွဲ့အစည်းများ၊ အစိုးရ အသင်းအဖွဲ့အစည်းများ၊ တခြား လူမူရေး အဖွဲ့အစည်းများ၏ အစည်းအဝေးများကိုလည်း မကြာခဏ ကျင်းပ ပြုလုပ်နေသော နေရာ ဖြစ်ကြောင်း သိရသည်။

သို့အတွက် RNDP ပါတီမှ ဦးဥတ္တမခန်းမတွင် ညီလာခံ လုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီ ခေါင်းဆောင် များက ပြောသည်။

RNDP တာဝန်ရှိသူများ အနေဖြင့် ဦးဥတ္တမ ခန်းမ အသုံးပြုခွင့် ရရေး အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ၀န်ကြီးချုပ်မှ ဦးဥတ္တမ ခန်းမကို အသုံးပြုခွင့်ရရေးမှာ သူနှင့် မသက်ဆိုင်ကြောင်း၊ စည်ပင်မှ တာဝန်ယူထားသော အဆောက်အဦး ဖြစ်သဖြင့် စည်ပင်နှင့်သာ ဆက်သွယ် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် စည်ပင်ရုံးမှလည်း ဦးဥတ္တမခန်းမကို အကြီးစား အဆောက်အအုံ အဖြစ် ပြင်ဆင်ရန် စီစဉ်နေသဖြင့် ညီလာခံ ကျင်းပရန် ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

RNDP ပထမ အကြိမ် ညီလာခံကို ဆရာတော် ဦးဥတ္တမခန်းမတွင် ကျင်းပရန် စည်ပင်က ခွင့်မပြုသော်လည်း သတ်မှတ် ထားသော နေ့အတို်င်း မေလ ၂၉ ရက်နေ့မှ စတင်ကာ စစ်တွေမြို့ ပညာလင်္ကာရကျောင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ယခုကျင်းပမည့် ပါတီ ပထမအကြိမ်ညီလာခံတွင် ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဥပဒေများ၊ လုပ်ထုံး လုပ် နည်းများကို ပြဌာန်း ဆွေးနွေးသွားရန်နှင့် လက်ရှိ ဗဟိုကော်မတီဝင်များ၏ လုပ်ငန်း ဆောင်ရွက်ချက် အစီရင် ခံစာများကို ဆွေးနွေး၊ ဆုံးဖြတ်၊ သဘောထားယူကာ ပြဌာန်းသွားမည်ဟု သိရသည်။

၎င်းအပြင် ဗဟိုကော်မီတီဝင် အသစ်များကို ရွေးချယ်တင် မြောက်သွားမည်ဖြစ်ရာ ဥက္ကဌ တစ်ဦး၊ ဒုဥက္ကဌ ၂ ဦး၊ အထွေထွေအတွင်းရေးမှူး တစ်ဦး၊ အတွင်း ရေးမှူး အဖွဲ့ဝင် ၂ ဦး၊ ဘဏ္ဍာရေးမှူး ၂ ဦးနှင့် တခြား လုပ်ငန်းဌာန ဆိုင်ရာများကို ရွေးချယ် တင်မြှောက်သွား မည်ဖြစ်ကြောင်း သိရသည်။

Most read this week