မုံရွာမြို့ခံလူငယ်များက ဦးဆောင်ကာ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဖယောင်းတိုင်မီး ထွန်းညှိ ဆန္ဒပြခြင်းကို မေလ (၂၂) ရက်နေ့ တွင် ဒုတိယနေ့အဖြစ် ည (၈) နာရီခန့်မှစတင်ကာ အသံတိတ် ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက် ချီတက်ခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ မုံရွာမြိုခံ ကိုရဲရင့်ကျော်က ပြောသည်။
“အားလုံးငြိမ်းချမ်းစွာ တောင်းဆိုကြတယ်၊ စကားမပြောဘဲနဲ့ မအော်ကြ၊ မဟစ်ကြဘဲနဲ့ ငြိမ်းချမ်းစွာချီတက် နေကြပါ တယ်ခင်ဗျ။ ပြည်သူတွေက ဆင်ဆင်ခြင်ခြင် ချီတက်နေတာပါ။ အားလုံးက အသိရှိပါတယ်။ ဖယောင်းတိုင်ထွန်းပြီး သွားမယ်။ လက်ထဲမှာကိုင်တဲ့ ပိုစတာတွေမှာတောင် ပြဿနာဖြစ်နိုင်တဲ့ဆောင်ပုဒ် တွေ မရေးပါဘူးဗျ။ (၂၄) နာရီ မီးရရှိရေးဘဲ ရေးထားပါတယ်ဗျ။”
မုံရွာမြို့ခံလူထုက (၂၄) နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုကို အားပေးထောက်ခံသည့်အနေဖြင့်အလို အလျှောက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာကြောင်း သိရသည်။
မုံရွာမြို့အပူချိန်သည် (၄၄) ဒီဂရီစင်တီဂရိတ်ခန့်ရှိနေပြီး မီးမလာသည့်အတွက် လေအေးပေးစက်များ၊ ပန်ကာများ သုံးစွဲနိုင်ခြင်း မရှိသည့်အပြင် သက်ကြီးရွယ်အိုတချို့ အပူဒဏ်မခံနိုင်တော့ပဲ သေဆုံးမှုများ ရှိသည်ဟု သိရသည်။
မုံရွာမြို့လျှပ်စစ်မီးရရှိမှုအခြေအနေမှာ အလှည့်ကျစနစ်ဖြစ်ပြီး ဆင်ခြေဖုံးရပ်ကွက်များတွင် မီးလုံးလုံးမလာ ကြောင်းနှင့် မုံရွာမြို့တရုတ်တန်းစျေးဘက်ရှိ ငွေကြေးတတ်နိုင်သည့်သူ တချို့သာ မီးစက်အသုံးပြုကြ ကြောင်း သိရသည်။
ဖယောင်းတိုင်၊ အင်ဗက်တာ၊ မီးစက်များ အသုံးပြုနေရပြီး လျှပ်စစ်မီးရရှိပုံနှင့် ပါတ်သက်သည့် အခြေအနေကို မုံရွာမြို့ခံ အလွတ်သတင်းထောက်တဦးက ယခုလိုပြောသည်။
“ဘယ်လောက်ထိ ဆိုးလဲဆိုတော့ အလှည့်ကျစနစ်နဲ့လည်း အလှည့်ကျ ပုံမှန်မဟုတ်ဘူးပေါ့၊ သဘောက မနက်ဖြန် (၆) နာရီလာမယ့်ရက်ဆိုလည်း လာချင်မှလာမယ်။ ပေးချင်တဲ့အချိန်မှာ ပေးတယ်။ သူတို့ဖြတ်ချင်တဲ့ အချိန်ဖြတ်တယ်။ (၁) နာရီလောက် မီးပေးပြီး ဖြတ်ရင်လည်း ဖြတ်သွားတာပေါ့လေ။”
လျှပ်စစ်မီးမလာမှုကြောင့် ထမင်း၊ ဟင်းချက်ပြုတ်ကြရာတွင် ထင်း၊ မီးသွေးလောင်စာများကို အသုံးပြုရခြင်းကြောင့် မြို့နေလူထုအတွက် မီးဘေးအန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ပထမနေ့က ဆန္ဒဖော်ထုတ်မှုနှင့် ပါတ်သက်ပြီး မုံရွာမြို့လျှပ်စစ်ရုံးမှ တစုံတရာပြန်လည်ဖြေရှင်းခြင်း မရှိသလို ဖမ်းဆီးမှုများလည်း မရှိကြောင်းနှင့် ဒုတိယနေ့ ချီတက်ရာတွင် ပြည်သူများကလည်း ငြိမ်းချမ်းစွာပင် ဆန္ဒဖော်ထုတ် နေကြောင်း သိရသည်။
လျှပ်စစ်ရုံးရှေ့မှစတင်ချီတက်ကာ မုံရွာမြို့အလေ့အထအတိုင်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ဆန္ဒပြ ပြည်သူများ စီတန်းလှည့်လည် ခဲ့ကြသည်။ ည (၁ဝ)နာရီခန့်တွင် ဆန္ဒပြချီတက်ပွဲသို့ ပူးပေါင်း ပါဝင်လာသူ ပြည်သူ (၃ဝဝဝ) ခန့်ရှိလာပြီး ဆိုင်ကယ်စီးရေ တထောင်ခန့်ပါရှိလာကြောင်း သိရသည်။
မုံရွာမြို့လျှပ်စစ်ရုံးတွင် ဝန်ထမ်းအချို့ရှိသော်လည်း လျှပ်စစ်မီးရောင်မရှိသလို ပြည်သူများက လျှပ်စစ်ရုံးဘေး ပလက်ဖောင်းများပေါ်တွင် ဖယောင်းတိုင်များ ထွန်းထားသည်မှာ သီတင်းကျွတ်ပွဲကဲ့သို့ ထိန်လင်းနေကြောင်း သူကဆက်ပြောသည်။
မေလ (၂၂)နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် နွေရာသီဆည်ရေခန်းခြောက်မှုကြောင့် လျှပ်စစ်ဓါတ်အား
ဖြန့်ဖြူးရာတွင် အုပ်စု (၃) ခွဲကာ အလှည့်ကျစံနစ်ဖြင့် ဖြန့်ဖြူးလျှက်ရှိကြောင်း နှင့် လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲရန် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အထူးမေတ္တာရပ်ခံထားသည်။
တဆက်တည်းတွင် ရေတိုစီိမံချက်အဖြစ် ဓါတ်အားပေးစက်များ တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံမှ General Electric ကုမ္ပဏီ၊ Caterpillar ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့အနီး ဂျပန်နိုင်ငံ J-Power ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်၍ (၆ဝဝ) မဂ္ဂဝပ်ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံနှင့် ကိုးရီးယားသမ္မတ နိုင်ငံ BKB ကုမ္ပဏီနှင့် ပူးပေါင်း၍ (၅ဝဝ) မဂ္ဂဝပ်ဓါတ်အားထုတ်လုပ်နိုင်မည့် သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။