ရွှေဂတ်စ်စီမံကိန်းမှ အိန္ဒိယ အလုပ်သမားများ လစာမရ

ရွှေဂတ်စ်စီမံကိန်းမှ အိန္ဒိယ အလုပ်သမားများ လစာမရ
by -
နိရဥ္စရာ

ရခိုုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည် ဖေါ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း၌ လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ အလုပ်သမား ၂၀၀ ခန့်သည် လစာမရသည်မှာ ၂ လကျော် ရှိသွားပြီ ဖြစ်နေသဖြင့် အခက်အခဲ ကျရောက်နေကြောင်း သတင်း ရရှိသည်။

Punj-Lioyd
" သူတို့ အထူး အခက်အခဲ ဖြစ်နေကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ လစာမရတာ နှစ်လကျော် သုံးလနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ အဲသလို လစာမရတဲ့ အတွက် သူတို့အကြားမှာလည်း ပြဿနာတွေ ပေါ်ပေါက်နေပါတယ်" ဟု အိန္ဒိယ ကုမ္ပဏီ Punj Lloyd တွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ၀န်ထမ်း တစ်ဦးက ပြောသည်။

လစာမရသူ အိန္ဒိယ ၀န်ထမ်းများသည် စင်္ကာပူ ကုမ္ပဏီ Mirador တွင် အလုပ် လုပ်ကိုင်နေသူများ ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှာ အိန္ဒိယ Punj Lloyd လက်အောက်တွင် ရှိကြောင်း သူက ပြောသည်။

" သူတို့က ပိုက်လုံး ဆက်တဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ စုစုပေါင်း ၂၀၀ ကျော်ခန့်ရှိပါတယ်။ အခု အိန္ဒိယက မိသားစုတွေဆီကိုတောင် သူတို့ ဖုံးမဆက်နိုင်ဘဲ ဖြစ်နေကြပါတယ်။" ဟု ပြောသည်။

အိန္ဒိယ Punj Lloyd သည် သူတို့ ကုမ္ပဏီအတွက် အလုပ် လုပ်ပေးနေသော မြန်မာ ကန်ထရိုက်တာများနှင့် မြန်မာ ကုမ္ပဏီများသို့လည်း ပေးစရာ ရှိသည့် အကြွေးများကိုလည်း ပုံမှန် မပေးဆပ်နိုင်သဖြင့် မြန်မာ ကန်ထရိုက်တာများမှာ အထူး ဒုက္ခရောက်နေကြသည်ဟုသိရသည်။

သူတို့ ကုမ္ပဏီအတွက် သောက်သုံးရေ သွင်းသူ၊ ကျောက်၊ အုတ်သွင်းသူ ကန်ထရိုက်တာများအနေဖြင့် လည်း အကြွေးရရန် ရှိနေပြီး တချို့ ကန်ထရိုက်တာများမှာ သိန်း ကျပ် ၆၀၀ ထိ အကြွေးရရန် ရှိနေကြောင်း သိရသည်။

Most read this week