ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်သည် ဝန်ထမ်းအား ဝတ္တရားနှောက်ယှက်မှုဖြင့် လှည်းကူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်လိုက်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဒုဥက္ကဋ္ဌ ဦသန်းဦးက ပြောသည်။
အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းတံတား အင်ဂျင်နီယာမှူး တရားလို ဦးဝဏ္ဏဇော်မှ ၁၀ လခန့်ကြာ တရားစွဲဆိုခဲ့ပြီးနောက် ယနေ့ အင်္ဂါနေ့မှာ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ ပုဒ်မ ၁၈၆နဲ့ နှစ်လ အမိန့်ချလိုက်တယ်။ တရားသူကြီးက တရားလိုဘက်က ဝတ္တရားနှောက်ယှက်မှုနဲ့ ပတ်သက် လို့ တိုင်ကြားချက်တွေ ဖတ်ပြတယ်။ ဒီဘက် တရားခံဘက်ကလည်း ဥပဒေအရ စောဒက တက်တယ်ဆိုပြီးတော့ တရားခံရှေ့နေဘက်က ပြောတယ်ပေါ့နော်။ အဲဒီအပေါ်မှာ အမိန့်ချလိုက်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ယနေ့ လှည်းကူးမြို့နယ် တရားရုံးသို့ နှစ်ပါတီလုံးမှ အဖွဲ့ဝင်များ ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ပြောသည်။
ဦးအေးလွင်သည် လက်ရှိ အင်းစိန်အကျဉ်း ထောင်တွင် ချုပ်နှောင်ခံနေရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောင််ရွက်နေသော ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ အမှတ် ၃ လမ်းဆုံ တိုးဂိတ်တွင် ဂိတ်ကြေးငါးထောင်ကျပ် ပေးဆောင်ရန် ငြင်းဆန်ပြီး ဝန်ထမ်းများနှင့် အချင်းများရာမှ ဦးအေးလွင်ကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် ကိုယ်တိုင် ဝန်ထမ်းဝတ္တရား
နှောက်ယှက်မှုဖြင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယခင်က မြန်မာအစိုးရနှင့် အလွမ်းသင့်သည်ဟု စွပ်စွဲခံထားရသော ညီနောင်နှစ်ပါတီသည် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ၈၅ နေရာ ဝင်ပြိုင်ခဲ့သော်လည်း ဦးရဲထွန်း ဦးဆောင်သော ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတခုတည်းသာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တနေရာတွင်သာ အနိုင်ရခဲ့သည်။
ဦးအေးလွင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ဝေဖန်လေ့ ရှိပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ကန့်ကွက်ခဲ့သူ ဖြစ်သည်။