ဖွဲ့စည်းပုံကြောင့် ဒုသမ္မတအနားယူသည့်ကိစ္စ အစိုးရကြေငြာရခက်

ဖွဲ့စည်းပုံကြောင့် ဒုသမ္မတအနားယူသည့်ကိစ္စ အစိုးရကြေငြာရခက်
by -
သျှမ်းသံတော်ဆင့်

နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ အမှန်တကယ်အနားယူကြောင်း နီးစပ် သည့်အသိုင်းအဝိုင်းက အတည်ပြုပြောသော်လည်း   ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကြောင့်  သတင်းထုတ်ပြန် ကြေငြာရန် အစိုးရက အခက်တွေ့နေရကြောင်း ၎င်းတို့အသိုင်းအဝိုင်းက ပြောပါသည်။

နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
“ဒုသမ္မတ ဦးတင်အောင်မြင့်ဦး အနားယူတယ်ဆိုတာမှန်တယ်။   ဖွဲ့စည်းပုံထဲမှာ အနားယူကြောင်း၊ နှုတ်ထွက် ကြောင်း တရားဝင်ကြေငြာပြီး ဘယ်နှစ်ရက်အတွင်း အစားထိုးရမယ်ဆိုတာပါတယ်လေ။ ဒါပေမယ့်အခု  လွှတ်တော်က နားထားတယ်မဟုတ်လား။  ဖွဲ့စည်းပုံအတိုင်းလိုက်လုပ်ဖို့ မဖြစ်နိုင်သေးလို့ ခေါင်းမခါ ခေါင်း မငြိမ့်နိုင်တဲ့ အခြေအနေဖြစ်နေရတာပါ။  သတင်းကိုဖုန်းကွယ် ထားတာမဟုတ်ပါဘူး” - ဟု သံလွင်အရှေ့ ခြမ်းရောက် နေပြည်တော်ထိပ်သီးများနှင့် နီးစပ်သည့် ပုဂ္ဂိုလ် တဦးကပြောပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ရ၃ / စ (စာ - ၂၅) တွင် ဒုတိယ သမ္မတ တစ်ဦးဦး၏ နေရာတွင် အကြောင်းအမျိုးမျိုး ကြောင့် ရာထူးနေရာလစ်လပ်သွားလျှင် ရ ရက်အတွင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်အကြီး အမှူးထံ ဆောလျှင်စွာအကြောင်းကြားရမည်။ ပုဒ်မ ရ၃/ဆ (စာ - ၂၆) တွင်မူ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် နိုင်ငံတော်သမ္မတ အကြောင်းကြားစာရရှိသည့်နေ့မှ စ၍ ၂၁ ရက် အတွင်းပြည်ထောင်စု အစည်းအဝေးခေါ်ယူပြီး အစားထိုးရွေးချယ် တင်မြောက်ရေးအတွက် ဆောက်ရွက် ရမည် - စသည်တို့ ပါရှိပါသည်။

“ကျနော်တို့ လွှတ်တော်က မေ ၂ နေ့ တုန်းက စပိတ်တယ်လေ။ ကျနော်တို့ သိထားတာက တစ်လခွဲလောက် ကြာမှ ပြန်ခေါ်မယ်လို့ပြောတာဘဲ။ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး အမှန်တကယ် အနားယူရင်တော့ လွှတ်တော်ပြန်ခေါ်တဲ့အချိန်နဲ့ ချိန်ကိုက်ပြီး သမ္မတရုံးက တရားဝင်ကြေငြာသွားမှာပါ” - ဟု လားရှိုးရောက် ပြည်သူ့လွှတ်တော်အမတ်တဦးကပြောပါသည်။

ထွက်ရှိသည့်သတင်းများအရ လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်နေအိမ်၌ အနားယူနေကြောင်း၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးကလည်း မှော်ဘီမစိုးရိမ်ကျောင်း တိုက်၌ ရာသက်ပန်သင်္ကန်းဝတ်သွားတော့မည်ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် မကျန်းမမာဖြစ်နေသည့် အတွက် ၎င်းအိမ်အနီးအနားဝန်းကျင်၌ လုံခြုံရေးများယမန်နေ့မှ ယနေ့(မနက်ပိုင်း) အထိ အထူးချထား ကြောင်း ရန်ကုန်မြို့ မရမ်းကုန်းရောက် သျှမ်းအမျိုးသားတဦးကပြောပါသည်။

Most read this week