ရဲတိုက်နှင့် ချစ်သုဝေတို့၏ ရွှေ့ပြောင်း အလုပ်သမား ပညာပေး ဇာတ်လမ်း ရိုက်ကူးရေး ပြီးဆုံး

ရဲတိုက်နှင့် ချစ်သုဝေတို့၏ ရွှေ့ပြောင်း အလုပ်သမား ပညာပေး ဇာတ်လမ်း ရိုက်ကူးရေး ပြီးဆုံး
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငါခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED မှ ဦးဆောင်၍ ထိုင်းနိုင် ငံ အတွင်းမှ ရွှေ့ပြောင်း အလုပ်သမားများ ဘဝ သရုပ်ဖော် ပညာပေး ဇာတ်လမ်းအား သရုပ်ဆောင် ရဲတိုက်နှင့် ချစ်သုဝေတို့ ရိုက်ကူးခဲ့သည့် ရိုက်ကူးရေး အစီအစဉ်မှာ ယနေ့တွင် ပြီးဆုံးခဲ့ကြောင်း FED အဖွဲ့မှ လက်ထောက် ဒါရိုက်တာ မပိုပိုမှ ပြော ကြားခဲ့ပါသည်။

ရွှေ့ပြောင်းအလုပ်သမား ပညာပေး ဇာတ်လမ်း၌ အခမဲ့ သရုပ်ဆောင်ပေးသည့် မင်းသားရဲတိုက်ပုံ (ဓါတ်ပုံ - အင်တာနက်)
“အဓိက သရုပ်ဆောင်တွေမှာ ရဲတိုက်နဲ့ ချစ်သုဝေ တို့ကို သုံးထားတယ်၊ နောက် အရန်တွေ အနေနဲ့က ကောင်းပြည့်နဲ့ သန္တာဗိုလ် တို့ကို သုံးထားပါတယ်။ ဒါရိုက်တာက မင်းထင် ကိုကိုကြီးက ဦးစီးပြီး ရိုက်ကူးပေးတာပါ။ ကိုဇာဂနာလည်း သုံးလေး ရက်လောက် လာကူပေးပါတယ်။ ဇာတ်ညွှန်းတွေ ပြန်ရေးပေးတာ သရုပ်ဆောင် ပိုင်းတွေကို ဝိုင်းပြ ပေးတာမျိုး ပေါ့။ အဓိက ဒါရိုက်တာက မင်းထင်ကိုကိုကြီး က တာဝန်ယူ ရိုက်ကူးတာပါ”ဟု ပညာပေးဇာတ်လမ်း ရိုက်ကူးရေး လက်ထောက် ဒါရိုက်တာ မပိုပိုက ပြောကြားခဲ့ပါသည်။

ရိုက်ကူးရေး ကာလမှာ မေလ (၁၀) ရက်နေ့မှ စတင် ရိုက်ကူးခဲ့ပြီး ယနေ့ (၁၈) ရက်နေ့တွင် ရိုက်ကူးရေး အစီအစဉ် ပြီးဆုံး ခဲ့ကြောင်း သိရှိရပါသည်။ အနည်းဆုံး ကြာချိန် (၁) နာရီခန့် ရှိမည်ဟု သိရှိရပါသည်။

အဆိုပါ ပညာပေး ဇာတ်လမ်း၌ ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝသရုပ်ဖော် ဇာတ်ညွှန်းအဖြစ် ချစ်သုဝေမှ ကျောင်း ဆရာမ နေရာတွင်၄င်း မင်းသား ရဲတိုက်မှ ကျဘန်း အလုပ်သမား နေရာတွင် သရုပ်ဆောင်ခဲ့သည် ဟု သိရှိ ရပါသည်။ ပညာရေး ကဏ္ဍအား အဓိက အသားပေး ရိုက်ကူး ထားသည့် ပညာပေး ဇာတ်လမ်း ဖြစ်ပါသည်။

“အတွေ့အကြံု တွေအရ ပညာပေး ဇာတ်လမ်းတွေ အများစု ကလည်း ပြီးရင်ပြီးရော ဆိုပြီး လွယ်လွယ်ပဲ ရိုက်ကူး ထားကြ တာများတယ်၊ ကျွန်တော်တို့က လုပ်ရင် ကောင်းကောင်းလေး ဖြစ်စေချင်တယ်၊ ဒါကြောင့် ရဲတိုက်နဲ့ ချစ်သုဝေကို ခေါ်သုံး ဖြစ်သွားတာ။ အဓိက သရုပ်ဆောင် ရဲတိုက်နဲ့ ချစ်သုဝေတို့ကတော့ ပိုက်ဆံမယူပါဘူး။ အခမဲ့ သရုပ်ဆောင် ပေးပါတယ်။ သရုပ်ဆောင် ပညာကို အလှူလုပ်တယ်လို့ ပြောလို့ရ ပါတယ်။ ကျန်နဲ့ အရန်တွေကိုတော့ ငှားရတာပေါ့” ဟု FED မှ ဒါရိုက် တာ ဦးတူးချစ်က ရှင်းပြပါသည်။

ထိုင်းနိုင်ငံ၌ နေထိုင်ကြသည့် ရွှေ့ပြောင်း အလုပ်သမား အများစုသည် ပညာရေး ကဏ္ဍအား စိတ််ပါ ဝင်စားမှု နည်းပါသည်။ မိမိတို့၏ သားသမီးများ အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရောက်လာသည်နှင့် သင့်လျော်ရာ လုပ်ငန်းခွန်သို့ ပို့ဆောင်တတ် ကြသည်။

ထိုင််းနိုင်ငံ၏ နာမည်ကျော် လူ့အခွင့်အရေး လှုပ်ရှားသူ၊ ထိုင်းအထက်လွှတ်တော် အမတ်ဟောင်း လည်းဖြစ် FED အဖွဲ့ ၏  ဥက္ကဌလည်းဖြစ်သော ခရိုင်ဆတ် ချွန်နဝန်မှ အဆိုပါ ပညာပေး ဇာတ်လမ်း ရုပ်ရှင်ကား ပြီးမြောက်ပါက ထိုင်းအနုပညာ ခန်းမ၌ နိုင်ငံတကာ ပညာရှင်များ၊ မီဒီယာများ၊ သံဝန်ထမ်းများအား ဖိတ်ကြား၍ ဖွင့်ပွဲလုပ်မည်ဟု ရိုက်ကွင်းသို့ လာရောက် အားပေး စကား ပြောကြား သွားခဲ့သည်။
ယခု ပညာပေး ဇာတ်လမ်း၌ ကလေးများ၏ ပညာတတ်မြောက်မှု အဆင့်အတန်းသည် တိုင်းပြည် တိုးတက်ရေးအတွက် အရေးပါပုံကို ဖော်ညွှန်းထားသည့် ပညာပေး ဇာတ်လမ်းဖြစ်ပါသည်။