ခရစ်ယာန်ဘုရားကျောင်း၌ ကချင်အမျိုးသမီးအား မြန်မာစစ်တပ်မှ အဓ္ဓမပြုကျင့်

ခရစ်ယာန်ဘုရားကျောင်း၌ ကချင်အမျိုးသမီးအား မြန်မာစစ်တပ်မှ အဓ္ဓမပြုကျင့်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရစစ်သားများက ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ အသက် (၄၈)နှစ် ဒေသခံ ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီး ခရစ်ယာန်ဘုရားကျောင်းဝင်းတွင် အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံကချင်အမျိုးသမီးအဖွဲ့ (KWAT)၏ မေလ ၁၈ ရက် သတင်းထုတ်ပြန်ချက်က ဆိုသည်။

မြန်မာအစိုးရစစ်သားများမှ ဖမ်းဆီးရိုက်နက်ပြီး အုပ်စုလိုက် အဓ္ဓမပြုကျင့်ခြင်းကို ခံရသော အသက် ၄၈ နှစ် ဒေါ်ငွှါးမီ။

လုပီရွာမှ ကလေး (၁၂)ယောက်၏ အဘွား ဒေါ်ငွှါးမီ (နာမည်အစစ် မဟုတ်)သည် မေလ ၁ ရက်နေ့တွင် သူ့မ၏ရွာသို့ မြန်မာစစ်တပ် ခမရ ၃၄၇ နှင့် ခလရ ၁၁၈ ပူပေါင်းစစ်ကြောင်းမှ စစ်သားများ ၀င်လာသည် ကိုကြောက်ရွံ့သဖြင့် ရွာ ဘုရားကျောင်းဝင်းတွင် သူမတဦးတည်း တိမ်းရှာင်နေစဉ် စစ်သားများတွေ့ရှိပြီး ဖမ်းဆီး ရိုက်နက်၊ ဓါးမြောက်ဖြင့်ထိုးကာ သတိလစ်သည်ထိ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

အစိုးရစစ်သားများမှ ၎င်း အမျိုးသမီး၏ခန္ဒာကိုယ် နေရာမရွေး ထုနက်ရိုက်နက်ပြီးနောက် သူမ လဲကျသွားစဉ် အဝတ်အစားများချွတ်ပြီး စစ်သားများ ၀ိုင်းရံထားကာ အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။

ဒေါ်ငွှါးမီအား အဓ္ဓမပြုကျင့်နေသည်ကို မြင်တွေ့ခဲ့သည့် ကိုယ်တပိုင်းသေနေသော ဇနီးသည်အား ကျောပိုးလာသူ အသက် (၅၉)နှစ် ဦးယိုးတဂွေ ကိုလည်း အစိုးရစစ်သားများ ဖမ်းဆီးကာ ငွှါးမီနှင့်မလှမ်း မကမ်းရှိ သစ်ပင်တွင်ချည်တုတ်ထားပြီး တုတ်နှင့်ရိုက်၊ သေနတ်ဒင်နှင့်ထု၊ ညာဘက်ပါးနှင့် နံရိုးတွေမှာ ဓားနှင့်ထိုးပြီး ဘယ်ဘက်ပေါင်တွင် ဓါးမြောင်နဲ့ ထိုးခဲ့သည်ဟု အစီရင်ခံစာက ဖေါ်ပြသည်။

သုံးရက်ကြာ မြန်မာစစ်သားများ ထိုသို့ကျူးလွန်ပြုလုပ်ပြီး ပစ်ထားခဲ့သည့် သတိရလိုက်၊ မရလိုက်မေ့မျော နေသည့် ဒေါ်ငွှါးမီနှင့် ဦးယိုးတဂွေ တို့အား မေလ ၄ ရက်နေ့တွင် အခြားရွာသားများတွေ့ရှိပြီး နီးစပ်ရာ ပန်ဝါဆေးရုံသို့ ပို့လိုက်သည်။

ယခုချိန် အဓ္ဓမပြုကျင့်ခံရသည့်အမျိုးသမီးမှာ စိတ်ဝေဒနာခံစားနေပြီး လူများကိုမြင်တွေ့တိုင်း ကြောက်လန် ့ ထိတ်လန် ့ခြင်း၊ စကားပြောခြင်း မရှိပဲ စိတ်ဂနာမငြိမ်ဖြစ်နေခြင်းကြောင့် လုံခြံုသည့်ဆွေမျိုးနေအိမ်တွင် နေထိုင်စေသည်ဟု KWAT (Kachin Women’s Association of Thailand) မှ ဒေါ်ရှယ်လီဆိုင်းက ပြောသည်။

“အစကတော့ သူ့မကို ကျမတို့ဆီကလူသွားပြီး ဒီကို (ထိုင်းနိုင်ငံ) ခေါ်လာဖို့လုပ်တယ်။ ဒါပေမဲ့ အခုသူက စိတ်ကရောင် ခြောက်ခြားဖြစ်နေတယ်။  ဒါကြောင့် ခေါ်လို့မဖြစ်ဘူးလေ။ အဲဒါကြောင့် လုံခြံုတဲ့ သူတို့ဆွေမျိုး တွေ အိမ်မှာ ပြုစုထားတယ်။” ဟု ပြောသည်။

ဧပြီ ၂၇ တွင် လုပီ အခြေစိုက် နယ်ခြားစောင့် တပ်ရင်း ၁ဝဝ၂ နှင့် မြန်မာစစ်တပ် ပူးပေါင်း တပ်များက နယ်ခြားစောင့်တပ်ထိန်းချုပ်သော ပန်ဝါမြို့ကို ၀ိုင်းထားသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၎င်းရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။  ယင်းနောက် ယခုလို မြန်မာအစိုးရစစ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ် လာသည်။

ယမန်နှစ် အောက်တိုဘာလက ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျား အား ပြန်ပြေးဆွဲပြီး အုပ်စုလိုက် အဓ္ဓပြု ကျင့်ခဲ့သည့် အစိုးရစစ်သားများကို အရေးယူပေးရန် နေပြည်တော် တရားရုံးချုပ်သို့ လျှောက်ထားသည့် အမှုကို တရားရုံးချုပ်က မတ်လက ပယ်ချခဲ့သည်။
ယခု အပြုအမူပေါ် KWAT တာဝန်ခံ မ မွန်းနေလီ က “နေပြည်တော် တရားရုံးချုပ်ရဲ့ သတင်းစကားဟာ ရှင်းလင်းပါတယ်။ မြန်မာစစ်သားများ အရေးယူမခံရဘဲ တိုင်းရင်းသားအမျိူးသမီးများကို အဓ္ဓပြုကျင့်၊ သတ်ဖြတ် နိုင်ခြင်းပါပဲ။” ဟု ခေါ်ဆိုလိုက်သည်။

ယမန်နှစ် ဇွန် ၉ ရက်မှစပြီး မြန်မာအစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ရာတွင် စစ်သားများ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓ္ဓပြုကျင့် သတ်ဖြတ်ခြင်းနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ပြုလုပ်နေကြောင်း နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များက အစီရင်ခံစာများ ထုတ်ဝေခဲ့သည်။

အမျိုးသမီးများအား အဓ္ဓမပြုကျင့်ခြင်းအပေါ် လက်နက်သဖွယ်အသုံးပြုခြင်းနှင့် ကချင် ထိုးစစ်ကို ချက်ချင်း ရပ်ပေးရန် မြန်မာအစိုးရသို့ KWAT က တောင်းဆိုလိုက်သည်။

Most read this week