အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ခေတ္တရုပ်သိမ်း လိုက်ကြောင်း ကြာသပတေးနေ့ ဝါရှင်တန်ဒီစီမြို့ နိုင်ငံခြားရေးဝန်ကြီးှဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်ကြေညာလိုက်သည်။
ဟီလာရီ ကလင်တန်က အမေရိကန် စီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန်လည်း သတင်းစာရှင်းလင်းပွဲအတွင်း တိုက်တွန်းသွားခဲ့သည်။
တဆက်တည်းတွင် သံတမန် အဆက်အသွယ်များ အပြန်အလှန်ထားရှိသွားမည်ဖြစ်ပြီး မြန်မာနို်င်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန် ယူထားသူ Derek Mitchell, မြန်မာနိုင်ငံဘက်ကမူ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဦးသန်းဆွေကို ခန့်အပ်မည်ဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဟီလာရီ ကလင်တန်တို့က သတင်းစာရှင်းလင်းပွဲအတွင်း အသီးသီးထည့်သွင်း ပြောကြားသွားခဲ့ကြသည်။
စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့လိုက်ခြင်းအပေါ် ပါတီနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အမြင်များကို မေးမြန်းထားခြင်းဖြစ်သည်။ မေးမြန်းမှုအတွင်း စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့လိုက်ခြင်းကြောင့် မြန်မာ့ လူထုအပေါ် အကျိုးသက် ရောက်မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက သတိပြုလုပ်ဆောင်သင့်သည့် အချက်များ၊ ပိတ်ဆို့မှု၏ အကြောင်းရင်း တရပ်တွင် အပါအဝင်ဖြစ်သည့် လူ့အခွင့်အရေး ချိုးဖေါက်မှု အခြေအနေများကို မေးမြန်းထားသည်။
ဦးစိန်ဝင်းလှိုင် (ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုကော်မတီဝင်)
"ကျနော်တို့ ကြိုဆိုပါတယ်၊ အခု အမေရိကန်ကလည်း သံအမတ်အဆင့် ထပ်လက်ခံလိုက်ပြီဆိုတော့ အဲဒီလို သံအမတ်အဆင့် နှစ်ဘက် သဘောတူညီမှုရှိမှ နောက်တခုကလည်း ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမှ စီးပွားရေး အခွင့်အလမ်းတွေ အောင်မြင်လာမှာပေါ့။ တဖြည်းဖြည်းနဲ့ ပိတ်ဆို့မှုတွေလည်း လျော့သွားမယ်ပေါ့။ အဲဒါလေးတွေ မြန်မြန် အကောင်အထည်ဖေါ်လေ မြန်မြန်တိုးတက်ပြီးတော့ ကုန်ထုတ်လုပ်မှုလည်း မြင့်လာပြီးတော့ ဆင်းရဲနွမ်းပါးမှုလျော့သွားမယ်ပေါ့။ အလုပ်အကိုင်တွေ ရပြီးတော့ တိုးတက်လာမယ်လို့တော့ မြင်ပါတယ်။"
"အဓိက ကတော့ လယ်ယာကဏ္ဍကို အခြေခံပြီးတော့ စက်မှုလက်မှုဖွံ့ဖြိုးဖို့ မြန်မြန်ဆန်ဆန် အရင်းအနှီး များများနဲ့ လုပ်မယ်ဆိုရင် ကုန်ထုတ်လုပ်မှုတွေ တက်လာမယ်။ အလုပ်အကိုင်လည်း ပိုရလာမယ်။ ကျနော်ကတော့ လယ်ယာ ကဏ္ဍကို အရင်းအနှီးများများနဲ့ ပိုပြီးတော့ လာရင်းနှီးစေချင်တယ်။ တောင်သူတွေကို နည်းပညာတွေ စက်ယန္တရားတွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်စေချင်ပါတယ်။ ဒီကဏ္ဍကို ရင်းနှီးစေချင်တယ်ဆိုတာကလည်း ဒီကဏ္ဍကို မှီခိုနေရတဲ့ လူဦးရေ ပိုများလို့ပါ။ သူတို့ရဲ့ လူနေမှုဘဝ မြင့်မားဖို့လိုပါတယ်။"
"နိုင်ငံတော်ပိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ပြင်ဆင်ထားပါတယ်။ တဘက်ကလည်းယုံကြည်မှုပေါ့ လေ။ ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ် ခွင့်ပြုနိုင်ဖို့ပေါ့။ အဲဒါတွေလည်း လိုအပ်ပါတယ်။"
ဦးအောင်မျိုးမင်း (ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာ)
"နိုင်ငံခြား တိုင်းပြည်တွေက သွားရောက်ရင်းနှီးတာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးတာတွေက ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဟာကြီးကိုတော့ အလုံးစုံဖွင့်ပေးတာမျိုးမဟုတ်ဘဲနဲ့ စောင့်ကြပ်ဖို့ တော့ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျူးလွန်ထားတဲ့သူတွေ ကျနော်တို့ဟာ အတိတ်ကဟာတွေကို ခွင့်လွှတ်လို့ ရကောင်းရပါမယ်။ ဒါပေမယ့် မေ့ပျောက်လို့မရပါဘူး။"
"လူ့အခွင့်အရေး အခြေအနေကတော့ အရင်ကထက်စာရင် အပြုသဘောဆောင်တဲ့ဘက်ကို ရောက်လာပြီ။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လုံးဝပြီးပြည့်စုံတယ်လို့တော့ မရှိသေးဘူး။ အခုအချိန်ထိ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေဆဲပဲ။ နောက်တချို့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေက အသွင်ပုံသဏ္ဍာန် ပြောင်းပြီး အခြားတဘက်မှာ ပိုပြီးဆိုးသွားတာမျိုးရှိပါတယ်။ မြေယာ သိမ်းယူမှုကိစ္စတွေ အရင်ကနဲ့ ပုံစံမတူဘဲနဲ့ ဖြစ်လာတဲ့ကိစ္စတွေပါ။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ရပ်သွားတော့ မဟုတ်ဘူး။ အသွင်ပုံစံပြောင်းပြီးတော့ ဖြစ်နေတာပါ။ တချို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကတော့ ဆက်ပြီးတော့ ရှိနေဆဲပဲ။ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေကြောင့် ပြည်သူတွေက တောထဲမှာ လှည့်လည်ပုန်းအောင်း နေရတာတွေရှိတယ်။ ဒါဟာလည်း ဘယ်လိုမှ ငြင်းမရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။"
ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ - မူဝါဒရေးရာကော်မတီခေါင်းဆောင်)
"စီးပွားရေး ပိတ်ဆို့မှုဟာ ဖွင့်စေချင်တယ်လို့ ကျနော်တို့ တလျောက်လုံးပဲ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရအပေါ်မှာ မယုံသင်္ကာဖြစ်မှုဟာ မယုံသင်္ကာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အစိုးရလုပ်နေတာတွေ ရှေ့ကိုတွန်းအားနဲ့ ရွေ့သွားအောင်ပေါ့။ အစိုးရကလည်း ပြုပြင်ပြောင်းလဲမှု မလုပ်လို့ မရဘူးဆိုတာ သူတို့လည်း သိပါတယ်။"
"စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်လိုက်တယ်ဆိုရင် နိုင်ငံတကာနဲ့ ဆက်စပ်ပြီးတော့ စီးပွားရေး လုပ်နိုင်တဲ့ အခွင့်အရေး တင်မကဘူး။ တိုင်းရင်းသားဒေသတွေအတွက် အလှူရှင် နိုင်ငံတွေကလည်း အပြည့်အဝ ကူညီနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့က ကြိုဆိုတယ်။ သူတို့လာပြီးတော့ ရင်းနှီးတဲ့အခါမှာလည်း တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ် တွေကို စုပ်ယူပြီးတော့ အများပြည်သူ အကျိုးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး တွေကိုလည်း ကျနော်တို့ မလိုချင်ပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမယ့် စီမံကိန်းမျိုးကိုလည်း ကျနော်တို့ မလိုချင်ပါဘူး။ မြန်မာပြည်အကျိုးစီးပွားကို ဘက်ပေါင်းစုံ ကကြည့်ပြီးတော့ ဖြည်းဖြည်းနဲ့မှန်မှန် ကြာရှည်ခံမယ့် ကူညီနိုင်မယ့် လမ်းကြောင်းကို ရှာပြီးတော့ ပေးမယ်ဆိုရင် လူနတ်ဝမ်းသာပေါ့ဗျာ။"
ဦးအုန်းကြိုင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ၊ လွှတ်တော်အမတ်)
"အရင်တုန်းကလည်း ကျနော်တို့ဆီမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတာတွေကို အကြောင်းပြုပြီး တော့ အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ထားတာပေါ့။ အခုဟာက ဆိုင်းငံ့ထားတယ်ဆိုတော့ သူတို့လည်း စောင့်ကြည့် ဦးမယ်ဆိုတဲ့သဘောပါပါတယ်။ အခုလို စောင့်ကြည့်ပြီးတော့ ဆောင်ရွက်တယ် ဆိုတဲ့အပေါ်မှာတော့ ကျနော်တို့ သဘောတူပါတယ်။"
"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေဆိုတာလည်း တိတိကျကျ ခိုင်ခိုင်မာမာ ရှိသေးတာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးမှုဆိုတာလည်း အခုမှ လုပ်မလို့ရှိသေးတယ်။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အခုထိ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ် ဒါဟာလည်း ရှင်းနေတာပဲ။ ပါးစပ်ကတော့ ပြောင်းပြီ ပြောင်းပြီလို့ ပြောနေကြတယ်။ အောက်ခြေက အုပ်ချုပ်ရေး ယန္တရားတွေက ပြောင်းပြီလို့ ပြောဖို့ တော်တော်ခက်သေး တယ်။"
ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်)
"ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့လမ်းကြောင်းပေါ်ကို သွားနေတာကို သူတို့က အခုလို အသိအမှတ်ပြုတဲ့ သဘော ဖြစ်တဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်။ ဒီဘက်လည်း တကယ် ပီပီပြင်ပြင် ပြောင်းလဲမယ့် လမ်းကြောင်းတွေကို ကမ္ဘာကလည်း ယုံအောင် ကျနော်တို့ လူထုလည်း ယုံအောင် လွှတ်တော်က လည်းယုံ အောင် သက်သေတွေ ပြပြနေတာပဲလေ။ ဒါတွေက တိုးတက်မှုတွေပါပဲ။ ပိတ်ဆို့မှုတွေ လုံးဝရုပ်သိမ်းသွား တဲ့အထိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြနိုင်ဖို့လိုပါတယ်။"
"လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်ခံ နေရတာ ကိုတောင်မှ ချိုးဖေါက်ခံနေရမှန်း မသိတာကိုးဗျ။ မြေယာသိမ်းယူမှုနဲ့ ပတ်သက်တာ၊ အုပ်ချုပ်ရေး ပိုင်းနဲ့ ပတ်သက်တာ တရားရုံးနဲ့ပတ်သက်တာလည်း များတယ်။ မြေယာသိမ်းယူတဲ့ လူ့အခွင်အရေးချိုး ဖေါက်မှုကတော့ အများဆုံးဖြစ်နေ တယ်လို့ ပြောလို့ရတယ်။"
ဦးဋ္ဌေးဦး (ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ လွှတ်တော်အမတ်)
"ကျနော်တို့ကတော့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ အရင်တည်းက သဘောထားရှိခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို လုံးဝ မထိခိုက်ဘူးလို့တော့ မဟုတ်ပါဘူး။ ထိခိုက်မှုရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း ပိတ်ဆို့မှုဟာ မကောင်းပါဘူး ဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။ အခု ပိတ်ဆို့မှုတွေ လျော့ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ပိတ်ဆို့မှု လျော့ပြီးတဲ့နောက်မှာ ကျနော်တို့ဆီက လူတွေလည်း အလုပ်လုပ်ရမှာပေါ့။"
"စီးပွားရေးပိတ်ဆို့တော့ ပြည်သူတွေအပေါ်မှာ ထိုက်သင့်တဲ့ နစ်နာမှု ရှိတာပေါ့ဗျာ။ ဒါကို ဆိုင်းငံ့တယ်ဆိုတော့ ကျနော်တို့ ကြိုဆိုတာပေါ့။ ကျနော်တို့ဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်း ပေါ့။ စွမ်းအင်ကဏ္ဍနဲ့ စက်မှုကဏ္ဍတွေမှာလည်း သင့်တော်တာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဘက်က ပြင်ဆင် ရမှာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် ကိစ္စတို့ ပြည်တွင်းက နိုင်ငံသား တွေလုပ်ကိုင်နေတဲ့ လုပ်ငုတ်လက်ရင်း လုပ်ငန်းတွေ ဒါတွေ မဖြစ်အောင်လို့ ပြင်ဆင်ရမှာပေါ့ဗျာ။"