သံဖြူဇရပ် - ဘုရားသုံးဆူ ကားလမ်း စီမံကိန်းကို မွန်ပြည်သစ် ပါတီအား ဦးစားပေးမည်

သံဖြူဇရပ် - ဘုရားသုံးဆူ ကားလမ်း စီမံကိန်းကို မွန်ပြည်သစ် ပါတီအား ဦးစားပေးမည်
by -
ရွှေဟင်္သာ

မွန်ပြည်နယ် သံဖြူဇရပ်နှင့် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူ ကားလမ်းပိုင်းကို ပြန်လည် ပြုပြင်သည့် စီမံကိန်းအား မွန်ပြည်သစ် ပါတီကို ချပေးမည်ဟု ရထား ပို့ဆောင်ရေး ၀န်ကြီးက ပြောကြောင်း မွန်ပြည်သစ်ပါတီ ဗဟို အလုပ်မှုဆောင် ကော်မီတီဝင် နိုင်တလ ညီမှ ပြောကြား သွားပါသည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ယူလာသည့် ကုန်တင်ကားတစ်စီး ဘုရားသုံးဆူ၌ ကုန်ချနေပုံ

“ထွေထွေထူးထူး သဘောတူ ထားတာတော့ မရှိသေးပါဘူး၊ အကယ်၍ ကျွန်တော်တို့ မွန်ပြည်သစ်က စီမံကိန်းကို လုပ်ကိုင် နိုင်မယ်ဆိုရင် ကျွန်တော်တို့ မွန်ပြည်သစ် ပါတီကိုပဲ ဦးစားပေး ရွေးချယ်ပြီး စီမံကိန်းကို ပေးအပ်ဖို့ ရှိတယ်လို့ပဲ ပြောထားကြတာပါ”

မေလ (၁၅) ရက်နေ့ နံနက်ပိုင်း၌လည်း သထုံမြို့ သုဝဏ္ဏရိပ်သာ၌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်အား ထိုင်းနိုင်ငံမှ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မစ္စတာ ဂျူဒီခေါ ခမ်မရာဆမ်းမှ ထိုင်း-ဘုရားသုံးဆူ-သံဖြူဇရပ် လမ်း ဖောက်လုပ် နိုင်ရေးအတွက် အလွတ်သ ဘောသွားရောက်ဆွေးနွေးခဲ့ပါသည်။

 “ကျွန်တော်တို့ သိရသလောက်တော့ အစီအစဉ် သေသေချာချာ ချထားခြင်း မရှိသေးပါဘူး၊ ဘယ်တော့စလုပ်မယ်၊ ဘယ်အချိန် အကောင် အထည်ဖော်မယ် ဆိုတာတွေပေါ့၊ အလွတ်သဘော သွားရောက် ဆွေးနွေးတဲ့ ပုံစံမျိုးနဲ့ သွားတာပါ။ ထိုင်းလုပ်ငန်းရှင် ဘက်က ဒီစီမံကိန်းကို လုပ်ဖို့ ဆန္ဒရှိတယ်၊ ဆိုတော့ ကျွန်တော်တို့ မွန်ပြည်သစ်နဲ့ ညှိနှိုင်းပြီးတော့ ဒီကိစ္စကို လုပ်ဆောင် နိုင်ပါတယ်လို့ အဲဒီလောက် ဆွေးနွေး ကြ တာပါ၊ အစီအစဉ်တွေ ချတာ မရှိသေးပါဘူး” ဟု နိုင်တလညီမှ ဆက်လက် ပြောကြား သွားပါသည်။

ယခု ကားလမ်းအဖြစ် အသုံးပြုနေသာ လမ်းမှာ ရထားလမ်းဟောင်း ဘောင်ပေါ်တွင် ကားလမ်းအဖြစ် အသုံးပြုကာ သွားလာ နေကြခြင်း ဖြစ်သည်။ သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်ရန် အစီအစဉ် ရှိသည်နှင့် တပြိုင်မှာပင် ကားလမ်းနှင့် ရထားလမ်းကို တပြိုင်တည်း ဖောက်လုပ်ရန် ဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ် ကြပါသည်။ ရထားလမ်း ဖောက်လုပ်ရာတွင် လိုအပ်သော ပစ္စည်းများ သယ်ပို့ရာ၌ အဆင်ပြေ စေရန်မှာ ကားလမ်းကို အဓိကထား ဆက်သွယ် အသုံးပြု သွားရမည် ဖြစ်နိုင်သည်ဟု မြို့ခံများမှ ပြောပါသည်။

ဤကားလမ်း ပြန်လည် ဖောက်လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံမှ မွန်ပြည်ရှိ ဒေသတွင်းသို့ ခရီးသွားလာရေးကို များစွာ ပြန်လည် ဖြစ်ထွန်း စေနိုင်မည် ဖြစ်ပြီး အချိန်တိုတိုဖြင့် ဘုရားသုံးဆူမှ သံဖြူဇရပ်သို့ အလွယ်တကူ သွားလာ နိုင်ကြမည် ဖြစ်သည်။

သို့သော် လက်တွေ့တွင် ရထားပို့ဆောင်ရေးဝန်ကြီးက မွန်ပြည်သစ် ပါတီကို ပါမစ် ပေးမယ်မပေးဘူးဆိုတာက မသဲကွဲသေးကြောင်း မွန်ပြည်သစ်ပါ တီအရာရှိများက ဆိုပါသည်။ မွန်ပြည်သစ်ပါတီသည်၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တပ်ဖွဲ့များ နေရာချထားရေးနှင့် စီးပွားရေး လုပ်ငန်းဖေါ်ဆောင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ပါသည်။