စစ်ပြေးဒုက္ခသည်များ ဆွမ်ပရာဘွမ် အသင်းတော်သို့ ထွက်ပြေးရောက်ရှိ

စစ်ပြေးဒုက္ခသည်များ ဆွမ်ပရာဘွမ် အသင်းတော်သို့ ထွက်ပြေးရောက်ရှိ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြောက်ဘက် မြစ်ကြီးနား-ပူတာအို လမ်းမကြား ပြီးခဲ့သည့်အပတ်မှဖြစ်ပွားသော မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ ဆွမ်ပရာဘွမ်မြို့ (Sumprabum) အသင်းတော်သို့ ရောက်ရှိလာပြီဖြစ်သည်။

sumprabum-in-kachin-state_600_400
မေ ၁၅ အင်္ဂါနေ့တွင် ကချင်နှစ်ခြင်းခရစ်ယာန် သာသနာဝင်းသို့ ဒုက္ခသည် ၄၀ ကျော် ရောက်ရှိလာပြီး နောက်ထပ် ရောက်လာနေဆဲဖြစ်သည်ဟု အသင်းတော်တာဝန်ရှိသူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခု ဒုက္ခသည်များသည် အစိုးရထိန်းချုပ်သည့် ဆွမ်ပရာဘွမ်အနီး မိုင်ထောင် (Mai Htawng) ကျေးရွာနှင့် ဆွမ်ပီယန် (Sumpyi Yang) ကျေးရွာများမှ ဖြစ်ကြသည်ဟု သူက ဆက်ဆိုသည်။

ဆွမ်ပရာဘွမ် ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားပြီး ထိုဒေသသို့ မြစ်ကြီးနားနှင့် ပူတာအိုဘက်မှ အစိုးရစစ်ကူများ ရောက်ရှိလာခြင်းကြောင့် ရွာသားများထွက်ပြေးရခြင်းဖြစ်သည်ဟု ဒုက္ခသည် အကူညီပေးသူတဦး ပြောသည်။

အင်္ဂါနေ့မှာပဲ မြစ်ကြီးနားမှ မြန်မာစစ်တပ် ယာဉ်တန်းများ ခဂရန်းယန် (Hka Garan Yang)သို့ ချီတက်လာခြင်းကြောင့် ရွာသားများ အားလုံး လုံခြုံရာတောတောင်နှင့် ၎င်းတို့၏ တောင်ယာများသို့ ထွက်ပြေးခဲ့ကြသည်ဟု ရွာသားများဆိုသည်။ ခဂရန်းယန်ကျေးရွာတွင် အိမ်ချေ ၁၀၀ ကျော်ရှိုသည်။

KIA (ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) က ဆွမ်ပရာဘွမ်မှ တောင်ဘက် မိုင် ၃၀ အကွာ ခဂရန်းယန် အစိုးရ စစ်စခန်းအား မေ ၁၀ ရက်တွင် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ထို့နောက် ဆွမ်ပရာဘွမ်မှ မြောက်ဘက် မိုင် ၂၀ ကျော် ဆွမ်ပီယန်ကျေးရွာ စစ်စခန်းကိုလည်း မေ ၁၃ ရက်က တိုက်ခိုက်ခဲ့သည်။

ယခုလို KIA ၏ တိုက်ခိုက်မှု မတိုင်ခင် မေလ ၅ ရက်တွင် မြန်မာစစ်တပ်က ဆွမ်ပရာဘွမ်မြို့ရှိ သုံးထပ် KIO ဆက်ဆံရေးရုံးကို မီးရှိုဖျက်ဆီးခဲ့သည်။

ဒု-ဗိုလ်မှူးကြီး မင်းသိန်း ဦးဆောင်သော ပူတာအိုမြို့နယ် ဒုတ်ဒန်ကျေးရွာ နယ်မြေခံ ခလရ ၁၃၈ တပ်ဖွဲ့မှ KIO ဆက်ဆံရေးရုံးအား သေနတ်များပစ်ခတ်၊ ဗုံးခွဲခြင်းများပြုလုပ်ပြီး နောက်ဆုံး မီးရှိုဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် KIO က ဆိုသည်။

တနှစ်နီးပါး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIO စစ်ဖြစ်နေခြင်းကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀၀၀ ကျော် ထွက်လာပြီဖြစ်သည်။ ၎င်းအနက် ၅၅၀၀၀ ကျော်သည် KIO ဒုက္ခသည်စခန်း ၄၀ ကျော်တွင် ခိုလုံနေသည်။

KIO မှ ဒုက္ခသည်များကို ယခုချိန်ထိ ကုလသမဂ္ဂမှ ပုံမှန် အကူညီပေးခြင်း မရှိသေးခြင်းကြောင့် ဒုက္ခသည်များ အဓိက စားနပ်ရိက္ခာနှင့် ဆေးဝါးများ မလုံလောက်သည့်ပြဿနာ ကြုံတွေ့နေရကြောင်း KIO မိုင်ဂျာယန် အခြေစိုက် Wunpawng Ninghtoi ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

Most read this week