ဆင်ဆာဘုတ်စနစ် ဇွန်လတွင် ဖျက်သိမ်းမည်

ဆင်ဆာဘုတ်စနစ် ဇွန်လတွင် ဖျက်သိမ်းမည်
by -
မဇ္ဈိမ

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာမူကြမ်းများကို စိစစ်သည့် စနစ် ဇွန်လ နောက်ပိုင်းတွင် ရှိတော့မည် မဟုတ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။

စာပေကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ လုပ်ဆောင်နေသည့် စာပေစိစစ် ရေးစနစ်ကို လုံးဝ ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဇွန်လအတွင်းမှာ Press council တခုကို အထက်ကနေ ဖွဲ့စည်းပေးဖို့ ရှိတယ်။ အဲဒီ Press council ပေါ်လာတာနဲ့ တပြိုင်နက် စိစစ်ခြင်းလုံးဝ မရှိတော့ဘူး။ စိစစ်တဲ့ ဘာသာတွေ မရှိတော့ဘူး၊ စာမူတွေ တင်ပြီး စိစစ်နေရတဲ့အပိုင်း အဲဒီစနစ်က လုံးဝ ဖျက်သိမ်းပစ်မယ်ဆိုတာကို ပြောတာ”ဟု ဦးတင့်ဆွေက မဇ္စျိမကို ပြောသည်။

မီဒီယာ ဥပဒေမူကြမ်းအား ရှေ့နေချုပ်ရုံးသို့ ဧပြီလအတွင်းက ဒုတိယအကြိမ် ပို့ထားကြောင်း၊ ထိုရှေ့နေချုပ် ရုံး ၏ ညွန်ကြားချက်၊ အကြံပြုချက်များကို ရယူရန် မကြာမီ ရက်ပိုင်းအတွင်းမှာ သွားရောက် ခံယူပြီး ပြင်ဆင်မည်ဟု သူက ဆက်ပြောသည်။

“ဇွန်လအတွင်းမှာ မူကြမ်းကို ပြန်ပြုပြင်ပြီးတော့ အစိုးရအဖွဲ့ကို တင်မယ်။ အစိုးရအဖွဲ့ကနေ အတည်ပြုတယ် ဆိုရင် ဇွန်၊ ဇူလိုင်အတွင်းမှာ လုပ်မယ့် လွှတ်တော်ကို တင်ပြမှာ ဖြစ်ပါတယ်။ လွှတ်တော်က အတည်ပြု တယ်ဆိုရင် နည်းဥပဒေပါ သြဂုတ်လမှာ ဆက်ပြီး ထွက်နိုင်အောင် လုပ်ပြီးတော့ စာပေလောကအသစ်က စိစစ်ခြင်းလုံးဝ မရှိတော့ဘဲနဲ့ သွားတော့မှာ”ဟု သူက ဆက်ပြောသည်။

သို့သော် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဆက်လက် ရှိနေပြီး မှတ်ပုံတင်သည့် ကိစ္စများ၊ တနိုင်ငံလုံးမှ ထွက်သည့် စာအုပ်များကို မှတ်ပုံတင်ခြင်း၊ သက်ဆိုင်ရာ အမျိုးသားမော်ကွန်းတိုက် (National achieve)၊ အမျိုးသားစာကြည့်တိုက် (National library) များသို့ ပို့ပေးခြင်းများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

စာပေနှင့် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ယက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာ များ အသင်း ဖြစ်မြောက်ရေး ကော်မတီ MJAနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ MJU တို့မှ ကိုယ်စားလှယ် ၆ ဦးကျ ပါဝင်သည့် စာနယ်ဇင်းကောင်စီ Press council အား လာမည့် ဇွန်လမှာ ဖွဲ့ပြီး သမ္မတ က အတည်ပြုပေးမည် ဖြစ်ကြောင်း ဦးတင့်ဆွေက ဆက်ပြောသည်။

စာပေစိစစ်ရေးစနစ် ဖျက်သိမ်းလိုက်သော်လည်း ထိုကောင်စီ ဖွဲ့စည်းရေး ဥပဒေများသည် သတင်းသမား များအတွက် အကာအကွယ် ပေးနိုင်ခြင်း မရှိမှာကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီ MJA အထွေထွေ အတွင်းရေးမှူး ဦးကိုကို(စက်မှု)က ပြောသည်။

“စာနယ်ဇင်းကောင်စီ ဥပဒေတွေ ပေါ်လာမယ်။ စာနယ်ဇင်းသမားတွေကို ဘယ်လို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ လုပ်ပေးမယ်ဆိုရင် ပြဿနာ မရှိဘူး။ အခုက ဒီကြားဖြတ် ကောင်စီက စာပေစိစစ်ရေးအလုပ်တွေ လုပ်နေရမှာကို စိတ်ပူတာ။ ကိုယ့်စာနယ်ဇင်းသမားတွေကိုပဲ ချုပ်ချယ်တာမျိုး လုပ်ပေးရမယ့် အဖွဲ့အစည်းမျိုး ဆိုရင်တော့ မလုပ်ချင် ဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း အစည်းအဝေးပြုလုပ်၍ စာနယ်ဇင်းကောင်စီတွင် ပါဝင်ရေး၊ မပါဝင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့က ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲတွင် စတုတ္ထအဆင့်အဖြစ် ဝတ္ထုစာမူကြမ်းများကို  စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ မနက်ဖြန်မှစတင်၍ တင်ပြရန် မလိုတော့ဘဲ ထုတ်တင်စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့် ပြုလိုက် သည်ဟု ရှင်းလင်းခဲ့သည်ဟု ဦးတင့်ဆွေက ပြောသည်။