မြန်မာနှင့် ကချင်တပ်ကြား မြစ်ဆုံရေကာတာ ဧရိယာထဲ တိုက်ပွဲဖြစ်ပွား

မြန်မာနှင့် ကချင်တပ်ကြား မြစ်ဆုံရေကာတာ ဧရိယာထဲ တိုက်ပွဲဖြစ်ပွား
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ စစ်ကြောင်းနှင့် ကချင်တပ်ဖွဲ့ကြား ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဧရိယာထဲ မေ ၁၂ နှင့် ၁၃ (စနေနှင့် တနင်္ဂနွေ) နေ့က ဖြစ်ပွားသည့်တိုက်ပွဲများတွင် အစိုးရစစ်သားများ သေဆုံး၊ ထိခိုက်မှုရှိ ကြောင်း ကချင်တပ်ကဆိုသည်။

မေ ၁၂-၁၃ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းထဲ တိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦးကျ၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသောစစ်သားအလောင်း ၂ လောင်းနှင့် ဒဏ်ရာရ စစ်သား ၄ ဦးကို တိုက်ပွဲဖြစ်ပွားသည့်နေရာမှ မြစ်ကြီးနားမြို့ဘက်  သယ်ဆောင်လာသည်ကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံများဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မြစ်ကြီးနားမြို့၏မြောက်ဘက် ၂၇ မိုင်ကျော် တန်ဖရဲ မြစ်ဆုံကျေးရွာ ရွာအစွန်ဖြစ်ကာ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်သို့ ဦးတည်လာသော အစိုးရစစ်ကြောင်းနှင့်ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၁၊ တပ်ရင်း ၄ ကြား တိုက်ပွဲဖြစ်ပွားသည်ဟု KIA က ဆိုသည်။

ထိုနေရာတွင် နှစ်ဖက်တိုက်ပွဲများ စနေနေ့က တကြိမ်နှင့် တနင်္ဂနွေနေ့က နောက်ထပ်တကြိမ်အချိန်အနည်း ငယ်ကြာ ဖြစ်ပွားခြင်းဖြစ်သည်ဟု တန်ဖရဲ ရွာသားများပြောသည်။

၎င်းတိုက်ပွဲကြောင့် ရွာအနီးရှိတောတောင်များတွင် တောင်ယာလုပ်ကိုင်သော ဒေသခံရွာသားများသည် ယခုချိန် ရေကာတာဧရိယာမှ ရွှေ့ပြောင်းခံရသည့် ဒေသခံများကို ပြန်လည်နေရာချပေးသည့် အစိုးရ အောင်မြင်သာ စံပြကျေးရွာသို့ ထွက်ပြေးသိမ်းရှောင်နေပြီဖြစ်သည်။

“ဟိုတလောက ခရိုင် (မြစ်ကြီးနား) အုပ်ချုပ်ရေးမှူးက ဒီကျေးရွာ(တန်ဖရဲ)မှာ မနေနဲ့ နေမယ်ဆိုရင် တောမှာနေဆိုလိုု့။ ဒီက အနီးအနားတောင်တွေမှာ တောင်ယာလုပ်စားပြီးနေတဲ့ ဒေသခံအချို့လည်း အခုတိုက်ပွဲဖြစ်တော့ မနေရဲတော့ဘူး။ တောင်ယာလုပ်တဲ့နေရာတဝိုက်တွင်မှာလဲ KIA တွေရှိနေပြီဆိုတော့ သွားလို့လည်း မရတော့ဘူးလေ။ တောင်ယာကို ဒီတိုင်းပစ်ထားပြီး ထွက်ပြေးသွားကြတယ်လေ။” ဟု တန်ဖရဲ ရွာသားတဦးက ကချင်သတင်းဌာနသို့ ပြောသည်။

မြစ်ကြီးနား-ပူတာအို လမ်းမကြား ဆွမ်ပရာဘွမ်အနီး စစ်ရေးအရ အရေးပါသည့် ခဂရန်းယန် (Hka Garan Yang) မြန်မာစစ်တပ် ခလရ ၁၃၈ စခန်းကို KIA တပ်မဟာ ၂ တပ်ဖွဲ့များမှ မေ ၁၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Most read this week