ပူတာအိုလမ်းမှ မြန်မာစစ်စခန်းကို KIA က သိမ်းပိုက်

ပူတာအိုလမ်းမှ မြန်မာစစ်စခန်းကို KIA က သိမ်းပိုက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုကို အဓိက ဆက်သွယ်ပေးသည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းရှိ မြန်မာအစိုးရစစ်စခန်းကို ယနေ့ ကြာသပတေး နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

KIA သိမ်းပိုက်သော Hka Garan post မြေပုံနှင့် KIA တပ်မဟာ ၂ စစ်သားတဦး

ပူတာအို နယ်မြေခံ ခလရ ၁၃၈ မှ အခြေစိုက်ထားသော ခဂရမ်းစခန်း (Hka Garan post) ကို KIA တပ်မဟာ ၂ အထူးတပ်ဖွဲ့မှ နံနက် ၆ နာရီ မတိုင်ခင် ၁ နာရီခန့် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်သည် ဟု တပ်မဟာ ၂ အရာရှိတဦး ပြောသည်။

ပစ်ခတ်မှု ပြီးဆုံးပြီးနောက် စခန်းတွင် မြန်မာစစ်သား အလောင်း ၈ လောင်းကိုတွေ့ရှိပြီး MA သေနတ် ၁၈ လက်၊ လက်နက်ကြီး ၁ လက်၊ ကြည်ဆန်သေတ္တာ ၅ လုံး၊ ပစ္စတို ၁ လက်၊ ဆန်နှင့် စစ်ဝတ်စုံ ၁၀၀ စုံကိုလည်း သိမ်းဆီးခဲ့သည်ဟု တပ်မဟာ ၂ အရာရှိက ဆက်ဆိုသည်။

စစ်ဝတ်စုံ အများအပြားကို မြင်တွေ့ရခြင်းသည် “မြန်မာစစ်သားများက သာမန်အရပ်ဝတ်များဖြင့် ဒေသတွင်း လှုပ်ရှားသွားလာပြီး ရှေ့တန်းတွင်နေရာယူသွားရန် စီမံချက်ဖြစ်သည်” ဟု KIA က ယူဆထားသည်။

မေ ၉၊ ဗုဒ္ဓဟူးနေ့တွင် သမ္မတဦးသိန်းစိန်၏ စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရသစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ၁၇ နှစ် အပစ်ခတ်ရပ်ဆိုင်းရေးကို ဖျက်ဆီးပြီး  စစ်ဆင်ရေး စတင်ပြုလုပ်လာခြင်း ၁၁ လ ပြည့်ပါပြီ။

ယင်းကာလအတွင်း နှစ်ဖက်ကိုယ်စားလှယ်များ အနည်းဆုံး ရ ကြိမ် တွေ့ဆုံခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးရန် သဘောတူညီမှု လုံးဝမရရှိခဲ့ပေ။

Most read this week