RNDP ပထမ အကြိမ်ညီလာခံ ကျင်းပမည်

RNDP ပထမ အကြိမ်ညီလာခံ ကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ပထမအကြိမ် ညီလာခံကို ယခုလ ၂၉ ရက်နေ့တွင် ကျင်းပ မည်ဖြစ်သည်။

RNDP-Invitation-letter-1

စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌ ပေါက်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက နိရဥ္စရာသို့ ပြောသည်။

" ညီလာခံကို မေလ ၂၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်ပေါင််းက ၁၀၀ ကျော် တက်ရောက်မှာ ဖြစ််ပါတယ်။ အဓိကတော့ ပါတီ တိုးတက်ရေး၊ ကျစ်လစ်ခိုင်မာရေး အတွက် လုပ်ငန်းစဉ်တွေကို သုံးသပ်မယ်။ ပါတီရဲ့ ဖွဲ့စည်းပုံကို သုံးသပ်တာတွေ၊ ကော်မီတီ ရွှေးချယ် တင်မြောက်တာတွေလည်း ပြုလုပ် သွားမှာ ဖြစ်ပါတယ်။"

ညီလာခံတွင် ဆွေးနွေးသွားမည့် အချက် အလက်များကိုလည်း ပါတီတွင်း ညှိနှိုင်းနေတုန်း ဖြစ်ကြောင်းနှင့် တချို့ အချက်များကို ဆွေးနွေးရန် ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း သူက ပြောသည်။

" ပထမ ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဥပဒေတွကို ပြဌာန်းဖို့ ကိစ္စပါ။ နောက်တချက်က ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း၏ လုပ်ထုံး လုပ်နည်းတွေနဲ့ ရွေးချယ် တင်မြှောက်ပုံ စသဖြင့် လုပ်ထုံး လုပ်နည်းတွေကိ်ု ပြဌာန်း ဆွေး နွေးသွားဖို့ ရှိပါတယ်။ နောက်တခု လက်ရှိ ဗဟိုကော်မတီဝင်တွေရဲ့ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ တွေကို ဆွေးနွေး ဆုံးဖြတ်၊ သဘောထားယူပြီးတော့ ပြဌာန်းသွားမှာ ဖြစ်ပါတယ်။"

ညီလာခံသို့ မြို့နယ် တစ်မြို့နယ်မှ မှ ကိုယ်စားလှယ် ၅ ဦးစီတက်ရောက်မည် ဖြစ်သည်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ် အပြင် ရန်ကုန်တိုင်းမှလည်း ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ကြောင်း ပြောသည်။

" ညီလာခံ ကိုယ်စားလှယ် ၉၀၊ လက်ရှိ ဗဟိုကော်မီတီ ၄၀ ဆိုတော့ ကိုယ်စားလှယ် ၁၃၀ ခန့် တက်ရောက်မှာ ဖြစ်ပါတယ်။ လေ့လာသူတွေလည်း တက်ရောက်ပါမယ်။ အဲဒီအထဲမှာ တတ်သိ ပညာရှင်တွေနဲ့ ပါတီကို တစိုက်မတ်မတ် ကူညီ လုပ်ဆောင်ပေးသူများ တက်ရောက်ကြမှာ ဖြစ်ပါတယ်" ဟု ဦးအောင်ကျော်ဇံက ပြောသည်။

ညီလာခံကို ပါတီ ခေါင်းဆောင်များမှ ထည့်ဝင်သော ရုံပုံငွေဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ၏ ဘဏ္ဍာရေးမှူး ဦးမြင့်နိုင်က နိရဥ္စရာသို့ ရှင်းပြ ပြောဆိုသည်။

ယခုကျင်းပမည့် ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မီတီဝင် အသစ်များကို ရွေးချယ်တင် မြောက်သွား မည်ဖြစ်ရာ ဥက္ကဌ တစ်ဦး၊ ဒုဥက္ကဌ ၂ ဦး၊ အထွေထွေအတွင်းရေးမှူး တစ်ဦး၊ အတွင်း ရေးမှူး အဖွဲ့ဝင် ၂ ဦး၊ ဘဏ္ဍာရေးမှူး ၂ ဦးနှင့် တခြား လုပ်ငန်းဌာနဆိုင်ရာများကို ရွေးချယ် တင် မြှောက်သွား မည်ဖြစ်ကြောင်း သိရသည်။

Most read this week