အသက်မပြည်သည့် ကလေးများအား KIA က တပ်သားသစ် စုဆောင်း

အသက်မပြည်သည့် ကလေးများအား KIA က တပ်သားသစ် စုဆောင်း
by -
သတင်းနှင့်မီဒီယာကွန်ယက်

၀ုိင်းမော် မြို့နယ်ရှိ ကျေးရွာတခု အတွင်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA က အသက်မပြည့်သည့် ကလေးငယ်များအား တပ်သားသစ် စုဆောင်းနေကြောင်း ဒေသခံ များက ပြောသည်။ 

KIA တပ်ဖွဲ့ဝင် (၅၀) ခန့်သည် ၀ုိင်းမော်မြို့အရှေ့ဖက် (၇) မိုင်ခန့်အကွာရှိ နောင်ဆီပေါ ကျေးရွာအတွင်း ယခုလ (၃) ရက်နေ့ ည (၁၀) နာရီခွဲ အချိန်ခန့်က ၀င်ရောက်ခေါ်ယူ ခဲ့သည်ဟု ၀ုိင်းမော် မြို့သို့ ရောက်ရှိလာ သည့် ဒေသခံ တဦးက အခုလို ပြောသည်။

“သူတို့ဝင်လာတော့ လမ်းပေါ်မှာ ထိုင်ပြီး စကားပြောနေတဲ့ လူငယ်တွေရော တချို့ ကလေးအဖေတွေရော ကြံုတဲ့သူ အကုန်ဆွဲသွားတယ်။ ပြီးတော့ အိမ်တွေပေါ်တက်ပြီး အိပ်ခန်းထဲအထိ ၀င်ဆွဲတယ်လေ။ အဲဒီမှာ အသက် (၁၃)၊ (၁၄)၊ (၁၅) နှစ် အရွယ် ကလေးမလေး သုံးယောက် ပါသွားတယ်။”

ထို့အပြင် အခြား ဒေသခံ တဦးကလည်း “သားသမီးတွေ အဆွဲခံရတော့ သူတို့ အမေတွေက ပြန်လိုက်ဆွဲကြ တာပေ့ါ။ ဒါပေမယ့် မရဘူး။ အတင်းဆွဲခေါ်သွားပြီးမှ ရွာပြင်ရောက်တာနဲ့ နှစ်ယောက်တတွဲ လက်ပြန်ကြိုး တုတ်ပြီးခေါ်သွားတယ်။” ဟု ဆက်လက်ပြောဆိုသည်။

စုဆောင်းရေး ဆွဲခံရသူ (၁၇) ဦး ရှိသည့်အနက် အသက်မပြည့်သူများအား ကျေးရွာ တာဝန်ရှိသူ တချို့က ပြန်လည် တောင်းခံခဲ့သော်လည်း အသက် (၄၀) ကျော် အမျိုးသား (၄) ဦးကိုသာ ပြန်လွတ်ပေးခဲ့သည်။ ကျန်(၁၃) ဦးကိုမူ ရဲဘော် လုပ်ခိုင်းမည်ဟု KIA အရာရှိက ပြောကြောင်း သိရသည်။

ယခုဖြစ်ရပ်အပေါ် “ဒီလို လုပ်တဲ့ကိစ္စတွေကို ဖြစ်နိုင်ရင် KIA က လူကြီးတွေ ဖြစ်တဲ့ ဦးလနန်တို့ ဘာတို့ ကချင်ခေါင်းဆောင်တွေကို ပြောပေးပါဦးဗျ။ အခန်းထဲထိ ၀င်ဆွဲ တာတော့ မသင့်တော်ဘူး။ ကျနော်တို့ ဒေသခံတွေ အမြင်မှာတော့ နည်းနည်း ရိုင်းတယ်ဗျ။” ဟု နောင်ဆီပေါ ကျေးရွာသားက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်များထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

နောင်ဆီပေါ ကျေးရွာတွင် ရှမ်း၊ ကချင်နှင့် လီဆူး တိုင်းရင်းသားများ နေထိုင်ကြပြီး အများစုမှာ ရှမ်းလူမျိုးများ ဖြစ်၍ လွန်ခဲ့သည့် တလခန့်ကလည်း ယခုကဲ့သို့ ခေါ်ယူမှု ပြုလုပ်ခဲ့သေးသည်။ ထိုစဉ်က လီဆူး တိုင်းရင်းသား (၃) ဦးနှင့် ရှမ်း တိုင်းရင်းသားများအား ခေါ်ဆောင်သွားခဲ့ပြီး ယခုအကြိမ်တွင် ရှမ်းတိုင်းရင်းသားများကိုသာ ခေါ်ဆောင်သွား ခြင်းဖြစ်သည်။

ယခုလုပ်ရပ်နှင့် ပတ်သက်၍ ရွာသား တချို့က အနီးဆုံး စခန်းဖြစ်သည့် ရွှေညောင်ပင် အခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၃၂၁) သို့ သွားရောက် အကြောင်းကြား ခဲ့သော်လည်း အထက် အမိန့်မရ၍ မဆောင်ရွက်နိုင်ကြောင်း စခန်း တာဝန်ရှိသူတဦးက ပြောဆိုခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် “ကျနော်တို့ ရှမ်းတွေက ရိုးပါတယ်ဗျ။ ကြောက်လည်း ကြောက်ကြတယ်။ ဒီလိုကိစ္စတွေကို ဟိုဖက်ကိုလည်း မတိုင်ရဲ၊ ဒီဖက် ကိုလည်း မတိုင်ရဲနဲ့ ဘယ်သူ့ကို အားကိုးရမလဲ မသိတော့ဘူး။” ဟု ဒေသခံ တဦးက ပြောဆိုသည်။

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ကြေညာစာတမ်းပါ ကလေးအခွင့်အရေးဆိုင်ရာ CRC စာချုပ် အပိုဒ် (၃၈)တွင် အသက် (၁၅) နှစ်အောက် ကလေးများအား စစ်မှု ထမ်းခြင်း မပြုရဟု ဖော်ပြထားသလို မြန်မာနိုင်ငံ၏ စစ်မှုထမ်း ဥပဒေ၌ (၁၈) နှစ်အောက် ကလေးများအား စစ်မှုထမ်းခြင်း မပြုရန် ဖော်ပြထားသည်ဟု ဆိုသည်။

ထို့အပြင် အစိုးရတပ်အပါအဝင် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို လက်နက်ကိုင် ပဋိပက္ခအတွင်း ပါ၀င်သည့် ကလေးများအား စောင့်ရှောက်ရန် တာဝန်ရှိပြီး ကလေးငယ်များအား စစ်မှုထမ်းခိုင်းခြင်းကို လုံးဝ ကန့်ကွက်ကြောင်း ဆက်ပြောသည်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် နိုင်ငံများတွင် ကလေးငယ်များ မြေဇာပင် ဖြစ်နေကြောင်း ၂၀၁၁ ခုနှစ် မေလဆန်းက ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ အစီရင်ခံစာ၌ ဖော်ပြထားပြီး မြန်မာနိုင်ငံ၌ အစိုးရအပါအဝင် လက်နက်ကိုင် တိုင်ရင်းသား တပ်ဖွဲ့များအတွင်း ကလေးစစ်သား အသုံးပြုမှုများ ဆက်ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

KIA နှင့် အစိုးရတပ်တို့ (၁၁) လကျော် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း အစိုးရတပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသလို KIA ဖက်မှ မကြာခနဆိုသလို တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့ကလည်း မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှ လူငယ် (၁၂) ဦးအား KIA မှ စုဆောင်းရေး ခေါ်ဆောင်သွားပြီး အမျိုးသမီးငယ် (၄) ဦးအား အဓမ္မပြုကျင့်ခဲ့သည်။

အစိုးရတပ်နှင့် KIA တို့ ဖြစ်ပွားနေသည့် (၁၁) လကျော် တိုက်ပွဲများအတွင်း မြစ်ကြီးနား၊ ၀ုိင်းမော်နှင့် ဗန်းမော် မြို့ပေါ် ဒေသများ အပါအဝင် တရုတ်နယ်စပ်သို့ ထွက်ပြေးလာသည့် ဒုက္ခသည် (၆) သောင်းကျော်ရှိသည်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်များ အနည်းဆုံး (၆) ကြိမ်ထက်မနည်း ဆွေးနွေးပြီးသော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပါ။

Most read this week