ဓညဝတီနှင့် ဝေသာလီကို ရှေးဟောင်း ယဉ်ကျေးမှုဇုန် အဖြစ် အစိုးရက သတ်မှတ်

ဓညဝတီနှင့် ဝေသာလီကို ရှေးဟောင်း ယဉ်ကျေးမှုဇုန် အဖြစ် အစိုးရက သတ်မှတ်
by -
နိရဥ္စရာ

ယဉ်ကျေးမှု ၀န်ကြီးဌာနမှ မြန်မာနိုင်ငံမှ နေရာ (၅) နေရာအား ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် နှင့် ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်ရာ ထိုအထဲတွင် ရခိုင်မှ ဓညဝတီနှင့့် ဝေသာလီ တို့ ပါ၀င်သည်။

Buddha-image-in-Arakan

မြန်မာနိုင်ငံမှ ရှေးဟောင် နေရာ ၅ ခုကို ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဇုန်နယ်မြေ များအဖြစ် သတ်မှတ် ပြဌာန်းလိုက်ကြောင်းကို ယနေ့ (မေလ ၁၀ ရက်နေ့) ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပြီး ဓညဝတီနှင့် ဝေသာလီကို မတ်လ ၉ ရက် ၂၀၁၂ ခုနှစ် နေ့ကပင် အမိန့်ကျေညာချက် ထုတ်ပြန် သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း နေရာ (၅) မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဓညဝတီမြို့ဟောင်း၊ မြောက်ဦးမြို့နယ်မှ ဝေသာလီမြို့ဟောင်း ၊ ဧရာဝတီတိုင်း မြောင်းမြမြို့ နယ် မြောင်းမြမြို့ဟောင်း၊ တနင်္သာရီမှ လောင်းလုံမြို့နယ် သာဂရမြို့ ဟောင်း၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ အမြင့်ရွာဒေသနှင့် သုံးပန်လှ(အနိမ်)ရွာ ဒေသတို့ ဖြစ်သည်။

ယဉ်ကျေးမူ ၀န်ကြီးဌာနမှ ၎င်းနေရာများကို ရှေးဟောင်းနေရာ တည်ရှိရာဇုန် (Ancient Site Zone) နှင့် ကာကွယ် ထိန်းသိမ်းထားသော ဇုန် ( Protected and Preserved Zone) ဖြစ် သတ်မှတ် ပြဌာန်း လိုက်ပြီး ၎င်းဒေသရှိ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များကို ဥပဒေနှင့် ကာကွယ် စောင့်ရှောက် သွားတော့မည် ဖြစ်ကြောင်း ဖေါ်ပြသည်။

"ကောင်းပါတယ်။ အခုလိုသတ်မှတ်လိုက်တာ။ နိုင်ငံတော်အစိုးရက ထိမ်းသိမ်းမယ်ဆိုတော့ ပိုပြီး ကောင်းပါ တယ်။ ၂၀၀၉ ခုနှစ်က မြောက်ဦးကို သတ်မှတ် ထားပါတယ်။ အခု လွန်ခဲ့ တဲ့ ၂ လ လောက်ကတော့ ဓညဝတီနဲ့ ဝေသာလီကို သတ်မှတ် ပါတယ်။ ဒီလို သတ်မှတ်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်" ဟု မြောက်ဦး ယခင် ရှေးဟောင်း ယဉ်ကျေးမူ ပြတိုက်မှူး ဦးကျော်ထွန်းအောင်ကပြောသည်။

ယခုကဲ့သို့ သတ်မှတ်လိုက်သဖြင့် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များကို နိုင်ငံတော်က စောင့်ရှောက် သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

" ဓညဝတီနဲ့ ဝေသာလီက ကျွန်တော်တို့ ရခိုင်သမိုင်းမှာ သမိုင်းတင်ပြီးခေတ်မှာဆိုရင် အစောဆုံးပါ။ ဓညဝ တီက ဘီစီ ၃၃၂၅ ကတည်းကဆိုတော့ သိပ်ရှေ့ကျပါတယ်။ အခုလို ဇုန်အဖြစ်သတ်မှတ် လိုက်တာ ကလည်း နိုင်ငံတော်က တာဝန်ယူပြီး ထိမ်းသိန်းစောင့်ရှောက်လိုက်တဲ့သဘောပါ။"

မြောက်ဦးမြို့နယ်မှ ဝေသာလီမြို့ဟောင်းမှာ ဝေသာလီကျေးရွာနှင့် သလ္လာဝတီကျေးရွာ အကြားတွင်တည် ရှိပြီး ဓညဝတီမြို့ဟောင်းမှာ ကျောက်တော်မြို့နယ်မှ မဟာမုနိကျေးရွာတွင် တည်ရှိသည်။

ယဉ်ကျေးမူ ၀န်ကြီးဌာနမှ ရှေးဟောင်း နေရာ ဇုန် အဖြစ် သတ်မှတ်ထားသည့် နေရာများတွင် မြေကွက်များ ဖော်ထုတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ဆည်းမြောင်းနှင့် ကန်များ တူးဖော်ခြင်း၊ ဓါတ်တိုင်၊ တာဝါတိုင်များ စိုက်ထူခြင်း၊ ဓါတ်သတ္တုတူးဖော်ခြင်း များမပြုလုပ်ရန် ဖေါ်ပြသည်။

၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိမ်းသိမ်းရေ ဥပဒေပုဒ်မ (၉/၉၈) အခန်း ရ ဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃ အရ ကန့်သတ်ထားပြီး ဒေသခံများနှင့် ဌာနဆိုင်ရာများမှ အထက်ပါ ကိစ္စ များကိုပြု လုပ် လိုလျှင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေ့ဟောင်းသုတေသနဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနသို့ ကြိုတင် တင်ပြ ခွင့်ပြုချက်ယူရမည် ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ရှေ့ဟောင်းသုတေနသ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာန မြောက်ဦးဌာနစုသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

Most read this week