အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား

အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား
by -
နိရဥ္စရာ

စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။

arakan-travellers
" ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှား ဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်" ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ သွားသော ဘတ်စ်ကားများတွင် ကားလက်မှတ်ကို သွားချင်သည့် အချိန်တွင် အလွယ် တကူ ၀ယ်ယူ၍ မရဖြစ်နေပြီး လက်မှတ် တစ်စာင်ကို ၁၅ ရက်ခန့် စောင့်ဆိုင်း ၀ယ်ယူနေကြသည်ဟု ရသေ့တောင်မြို့ တိုးရတနာ ဘတ်စ်ကား ခရီးသွား လက်မှတ် ရောင်းသူ တစ်ဦးက ပြောသည်။

" ရသေ့တောင်ကနေ ရန်ကုန်ကို တိုက်ရိုက် ကားနဲ့ သွားလို့ မရဘူး။ စစ်တွေက တဆင့်ဘဲ သွားရ တယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်နေကြသူတွေများတဲ့ အတွက် အခုရသေ့ တောင်မှာ ကားလက်မှတ် အရောင်းဆိုင်တွေ ဖွင့်ပြီး လက်မှတ်တွေ ကြိုတင် ရောင်းချ ပေးနေ ပါတယ်။ ကျွန်တော် တို့ဆီက ရန်ကုန်သွားမယ့် ကားလက်မှတ် တစ်စောင်ရဖို့ အတွက် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ရပါတယ်။"

ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကားဖြင့် ရန်ကုန်နှင့် စစ်တွေသို့ တိုက်ရိုက်သွားလာ၍ မရသော်လည်း ဒေသမှ ထွက်ခွာသူ များပြားနေသဖြင့် စစ်တွေ ကား ကုမ္ပဏီများက ရသေ့တောင်မြို့ထိ လက်မှတ် အရောင်း ကောင််တာများ တိုးချဲ့ ဖွင့်လှစ် ရောင်းချ နေကြောင်း သူက ဆိုသည်။

" ရသေ့တောင်မြို့ပေါ်မှာ ကားလက်မှတ် အရောင်းကောင်တာ သုံးလေးခုခန့် ရှိပါတယ်။ တိုးရတနာ၊ ရွှေပြည်ရခိုင်၊ ကင်းစတား စတာတွေပါ။ ကားလက်မှတ်ကတော့ နေ့တိုင်း အပြည့် ရောင််းရတာပါဘဲ။ တအားကို သွားတဲ့သူ များနေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသူများမှာ ရသေ့တောင် မြို့နယ် တစ်ခုတည်းက မဟုတ်ဘဲ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦီး၊ ပလက်ဝ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည် မြို့နယ်တိုင်း လိုလိုကဖြစ်ကြောင်း ရွှေပြည် ရခိုင် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" ပြည်ပကို ထွက်တာလား၊ ဘယ်ကို သွားကြတယ်ဆိုတာတော့ မပြောတတ်ဘူး။ အကုန် သွားနေကြ တာပါဘဲ။ မြို့နယ် စုံပါဘဲ။ ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့ ရန်ကုန်ကို သွားကြ တာကတော့ နေ့တိုင်း အပြည့်ဘဲ။ ကားတစ်စီးမှာ ကလေး လူကြီး ၆၀ လောက် ဆန့်ပါတယ်။ ရန်ကုန်ကနေ ဘက်ကို သွားကြတယ် ဆိုတာတော့ ကျွန်တော်တိုု့ တပ်အပ် မသိဘူးဗျာ။"

ထိုကဲ့သို့ ထွက်ခွာနေကြရာတွင် မြို့ပေါ်ကထက် နယ်ဒေသက ပို၍ များကြောင်း ဒေသခံများက ပြောသည်။

"ပြည်ပကို ထွက်တာ ကျွန်တော်တို့ နေတဲ့ အနီးအနား ရွာလောက်ပြောရ ရမယ်ဆိုရင် တရက်ကို လူအနည်းဆုံး လူပေါင်း ၂၀ ကနေ ၃၀အထိ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ကြပါတယ်။ ထွက်တဲ့ လူတွေက လူကြီး လူငယ် အမျိုးသမီး ဆိုင်းစုံပါဘဲ" စေတီပြင်ရွာမှ ရပ်လူကြီးတဦးက ဟုနိရဥ္စရာသို့ ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြရခြင်းမှာ ရခိုင်ပြည်နယ် ကျေးလက် ဒေသများတွင် အလုပ်အကိုင်ရှား ပါး၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"ပြည်ပ ကို ထွက်ချင်လို့ထွက် ကြတာမဟုတ်ပါဘူး။ အဓိကတော့ အလုပ်မရှိဘူး။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး တယောက်လောက်ဘဲ အလုပ်ရှိတယ်။ လုပ်တာကလည်း လယ်ယာလုပ်ငန်းဆိုတော့ မိသားစု တစ်ခုလုံး စားဝတ်နေရေး အဆင်မပြေဘူး။ မဖူလုံဘူး။ အဲဒါကြောင့့် ရှိတဲ့ ပစ္စည်းလေး တွေကို ပေါင်နှံ ရောင်းချပြီးတော့ ပြည်ပကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်ပနိုင်ငံသို့ ထွက်ခွာသွားသော်လည်း အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ကြံုတွေ့နေကြရပြီး လူတစ်ရာတွင် သုံးလေးဦးခန့်သာ အဆင်ပြေကြောင်း လောင်းချောင်း ကျေးရွာသား တဦးက ပြောသည်။

"ပြည်ပကို ထွက်တဲ့လူတွေ ဟာလဲသိပ် အဆင်ပြေကြတာ မဟုတ်ပါဘူး။ လူတစ်ရာမှာ သုံး လေးယောက်လောက်ပဲ အဆင်ပြေကြတာပါ။ အိမ်မှာ အလုပ်လက်မဲ့ နေမယ့်အစား ပြည်ပကို ထွက်ပြီး လုပ်တာက အိမ်ကိုငွေ မပို့နိုင်ရင်တောင် ကိုယ့်ဝမ်း အတွက်တော့ အဆင်ပြေတဲ့ သဘောမျိုးနဲ့ သွားနေကြတာ ဖြစ်ပါတယ််။"

ပြည်ပသို့ ထွက်ခွာနေသူများသည် တရုတ်၊ ထိုင်း၊ မလေးရှား သို့သာမက စစ်မက် အကြီးအကျယ် ဖြစ်ပွားနေသော ကချင်ပြည်နယ် ဘက်သို့ ထွက်ခွာနေကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ် အခြေအနေမှာ ရင်လေးစရာ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်က ဦးလှမောင်သိန်းက ပြောသည်။

ယခုကဲ့သို့ လူများ ရခိုင်ပြည်နယ်မှ စွန့်ခွာနေကြသဖြင့် ယခုနှစ် လယ်ယာ လုပ်ငန်းကိုလည်း များစွာ ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့ပေါ်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။

" အခု ပြဿနာက လယ်လုပ်မယ့် သူရင်းဌား လုံးဝ ရှာမရတဲ့ ပြဿနာပါ။ ရွာတွေမှာ လယ်လုပ်မယ့် သူတွေ မရှိသလောက် ဖြစ်နေပြီ။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စ အပေါ် အလေးအနက် စဉ်းစားတာမျိုးတော့ မတွေ့ရသေးဘူး။ လူအားနဲ့ လယ်လုပ်တဲ့ ရခိုင်ဒေသမှာ လယ်လုပ်မယ့်သူ မရှိရင် လယ်ယာလုပ်ငန်းကတော့ ရှေ့မှာ အများကြီး ထိခိုက်နိုင်ပါတယ်။"

သူရင်းဌား တစ်ဦး၏ စျေးနုန်းမှာလည်း လုပ်သား ရှားပါးသဖြင့် လွန်ခဲ့သောနှစ်ကထက် ယခုနှစ်တွင် နှစ်ဆခန့် မြင့်တက် သွားကြောင်း သိရသည်။

" ရွာမှာ လူတွေမရှိတော့ ပြဿနာက ဘာဖြစ်လာ လဲဆိုတော့ ပွဲလန်းသဘင်တွေ ဖြစ်ရင် ကလေးနဲ့ အဖိုးကြီးတွေ လောက်ဘဲ ကျန်တော့တယ်။ လူပျို အပျို ရှာမရတော့ဘူး။ တချို့ ရွာတွေမှာဆိုရင် ကာလသား မရှိတဲ့ အတွက် ရှင်ပြုပွဲ၊ သမက်တက်ပွဲ ကျရင် ကာလသားကို တစ်ခြားရွာတွေက ဌားရတာ မျိုးတွေတောင် ရှိတယ်။ ရွာတွေမှာ လူက မရှိသလောက်ဖြစ် နေပါပြီ။ အဘုဘ ချရင်တောင်မှ အမျိုးသားတွေ မရှိတဲ့ အတွက် အမျိုးသမီးတွေက အလောင်းကို ထမ်းချရတဲ့ ရွာတွေလည်း ရှိနေပါပြီ"ဟု လယ်သမားကြီးက ပြောသည်။

Most read this week