သျှမ်းပြည်တောင်ပိုင်း၌ လွှတ်တော်အမတ်များ နိုင်ငံရေးသင်တန်းတက်နေ

သျှမ်းပြည်တောင်ပိုင်း၌ လွှတ်တော်အမတ်များ နိုင်ငံရေးသင်တန်းတက်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်၌ ငြိမ်းဖေါင်ဒေးရှင်းကဦးဆောင်ပြီး လွှတ်တော် သုံးရပ်မှ အမတ်များအား သင်တန်းပို့ချ ပေးနေကြောင်း သိရပါသည်။

လဲချားမြို့ ပြည်သူ့လွှတ်တော် အမတ် စိုင်းတင်
“အေးသာယာဂေါက်ကွင်း ဧဒင်ဟော်တယ်မှာ တနင်္လာနေ့ကတည်းက စတာ။ ပြည်ခိုင်ဖြိုးပါတီ အပါအဝင်၊ ကျားဖြူ ကကော NDF ကကော တက်ရောက်လေ့လာကြတယ်” - ဟု တက်ရောက်သည့် လွှတ် တော် အမတ်တဦးက ပြောပါသည်။

ငြိမ်းဖေါင်ဒေးရှင်းမှ ပရောဂျက်ဒါရိုက်တာ ဒေါ်ယဉ်ယဉ်ဝင်း ဦးဆောင်ကာ သျှမ်းပြည် တောင် ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့သစ် ဧဒင်ဟိုတယ်၌ မေလ ရ ရက် မှစ၍ ပြုလုပ်ခဲ့သော သင်တန်းအား လွှတ်တော်သုံး ရပ်မှ ကျားဖြူအမတ် ၁၀ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ ၂ ဦး အပြင်၊ NUP ၊ NDF အမျိုးသား ဒီမိုကရေစီပါတီတို့မှ လွှတ်တော်အမတ်များ၊ တသီးပုဂ္ဂလ လွှတ်တော် အမတ် များ၊ ရန်ကုန်၊ ပဲခူး-ရွှေကူ၊ ကျောက်ကြီးမှလွှတ်တော် အမတ်အချို့အပါအဝင် အမတ် ၂၄ ဦးတက်ရောက်သည်ဟု ဆို၏။

“ အဲဒီလိုမျိုးသင်တန်းရှိတာ ကောင်းပါတယ်။ သင်တန်းရယ်လို့တော့မဟုတ်ဘူး အတွေ့အကြုံဖလှယ်  ကြတယ်၊ အဲဒီလိုသဘောမျိုးပါ။ သိသင့်သိထိုက်တဲ့ နိုင်ငံရေးသိပ္ပံဆိုင်ရာတွေ capacity building ၊ State နိုင်ငံနဲ့ဆိုင်တဲ့ သူများနိုင်ငံမှာ ဘယ်လိုတိုးတက်နေတယ်။ ဘယ်လိုအတွေ့အကြုံမျိုးယူသင့်လဲ၊ civil society မှာ ဘယ်လို အသုံးချမှာလဲ စတာတွေပါ” - ဟု တက်ရောက်ခဲ့သည့် လဲချားမြို့ ပြည်သူ့လွှတ်တော် အမတ် စိုင်းတင် ကပြောပါသည်။

အဆိုပါ သင်တန်းအား မေ ၁၁ ရက်နေ့၌ ပြီးဆုံးမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းတွင်မူ ညောင်ရွှေမြို့ အင်းလေးကန်ဘက်လေ့လာရေးခရီးထွက်ကာ ဖေါင်တော်ဦး ဘုရားဖူးမျှော်ကြကြောင်း၊၎င်းအဖွဲ့အား  မြန်မာနိုင်ငံကို ရောက်နေသည့် နိုင်ငံတကာ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer က ယနေ့တွေ့ဆုံဖို့ရှိကြောင်း စိုင်းတင်ကပြောသည်။ 

ကချင်အမျိုးသား ဒေါက်ဇဘွဲဂျွန် ဦးဆောင်သည့် ငြိမ်းဖေါင်ဒေးရှင်းသည် ရန်ကုန်တွင် ရုံးစိုက်ပြီး လူမှုအကျိုး ပြု အသင်းအဖွဲ့တခုဖြစ်သည်။ ထိုအဖွဲ့အစည်းကဲ့သို့ Myanmar Egress ဆိုသည့် အဖွဲ့အစည်းလည်း တခု ရှိပါသေးသည်။

Most read this week