မွန် အမျိုးသား ရေးရာ အဖွဲ့ချုပ် MAU ( Mon Affairs Union ) ၏ အဖွဲ့ဝင် ကော်မီတီ အသစ် (၃၅) ဦးကို မေလ (၇) ရက်နေ့ တွင် ကျင်းပသော ပထမ အကြိမ် ဗဟိုကော်မတီ အစည်းအဝေးက အတည်ပြု လိုက်ပါသည်။ အဆိုပါ အစည်အဝေးသည် ထိုင်းမြန်မာ နယ်စပ် စံခလ ဘူရီမြို ့တနေရာတွင် ကျင်းပပြီး ဗဟိုကော်မတီဝင် (၂၄) ဦး တက်ရောက် ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောပါသည်။
“မွန်အမျိုးသား စည်းလုံး ညီညွှတ်ရေး ရရှိနေရတာဟာ ဒီမွန်အမျိုးသားရေးရာ အစည်းအရုံး MAU အဖွဲ့ကြောင့် လို့ ဆိုရပါ မယ်။ မွန်လူမျိုးတွေရဲ့ အားမာန်ဟာ ဒီ MAU ပဲဖြစ်တယ်။ ဒီအဖွဲ့က ရုပ်ပြ အဖွဲ့သက်သက် မဖြစ်စေ ချင်ဘူး။ အစစ်အမှန်ဖြစ်ဖို့ အင်အားရှိဖို့ဆိုတာ ဒီဦးဆောင် အဖွဲ့သစ်ရဲ့ တာဝန်ပဲဖြစ်တယ်။” ဟု အဖွဲ့၏ နာယက မွန်ပြည်သစ် ပါတီဥက္ကဌ နိုင်ထောမွန်က ထိုအစည်းအဝေးတွင် ပြောကြား သွားခဲ့ပါသည်။
MAU ၏ ဦးဆောင် အဖွဲ့ဝင် ကိုယ်စားလှယ်များမှာ-
(၁) မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် (၉) ဦး၊ (၂) ပြည်တွင်းရှိ မွန်လူထု လူတန်းစား ကိုယ်စားလှယ် (၁၂) ဦး၊ (၃) ထိုင်းနိုင်ငံနှင့် ထိုင်းမြန်မာနယ်စပ်ရှိ မွန်အမျိုးသားများအဖွဲ့ ကိုယ်စားလှယ် (၉) ဦး၊ (၄) အဝေးရောက် (တတိယနိုင်ငံ) ရောက် မွန်အမျိုးသားများ အစုအဖွဲ့မှ ကိုယ်စားလှယ် (၅) ဦးတို့နှင့် ဦးဆောင် ဖွဲ့စည်းထားပါသည်။
အဆိုပါ ကိုယ်စားလှယ်များကို ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၈ရက် မှ ၂၀ ရက်နေ့အထိ ပြုလုပ်သွားသော ဆဌမ အကြိမ် မွန် အ မျိုးသား ရေးရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော မွန်အမျိုးသားများအဖွဲ့ ဒေသ (၄) ခုမှ မိမိတို့၏ ကိုယ်စားလှယ်များ ပေးပို့ကြရန် ဆုံးဖြတ်ချက် ချထားခဲ့သည်။ ဤကဲ့သို့သော နှီးနှော ဖလှယ်ပွဲမျိုးကို (၂) နှစ် တကြိမ်ပြုလုပ်ပြီး အဖွဲ့၏ ဦးဆောင် ကော်မီတီ အဖွဲ့သစ်ကို ရွေးချယ်ခဲ့ကြသည်။
MAU ၏ အလုပ်မှုဆောင်ကို (၁၁) ဦး ရှိပါသည်။ ထိုအထဲတွင် သဘာပတိအဖွဲ့ (၃) ဦး၊ အထွေထွေ အတွင်းရေးမှုုး (၃) ဦးနှင့် ကော်မီတီဝင် (၅) ဦးတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ထိုသဘာပတိ အဖွဲ့ဝင်နှင့် အထွေထွေ အတွင်းရေးမှူးတို့ကို အဝေးရောက် မွန်အဖွဲ့အစည်းမှ တပါး ကျန်သည့် အုပ်စု (၃) စုမှတဦးစီ ပေးပို့ကာ စုဖွဲ့ ဖွဲ့စည်းထားပါသည်။
ကျန်ရှိသည့် အလုပ်မှုဆောင် အဖွဲ့ဝင် (၅) ဦးတို့သည် လုပ်ငန်းစဉ် (၅) ရပ်ကို ဦးဆောင်သွားရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် (၅) ရပ်မှာ- (၁) နိုင်ငံရေးအစုအဖွဲ့၊ (၂) ဥပဒေရေးရာ ရေဆွဲရေးအစုအဖွဲ့၊ (၃) ပြည်သူလူထု ရေးရာအစုအဖွဲ့၊ (၄) လူအခွင့် အရေးနှင့် တရားမျှတရေးအစုအဖွဲ့၊ (၅) ရန်ပုံငွေ စုဆောင်းရေးအစုအဖွဲ့ တို့ဖြစ်ပါသည်။
ဗဟိုကော်မတီအဖွဲ့ဝင် (၂၄) ဦးတို့သည် လုပ်ငန်းစဉ် (၅) ရပ်အောက်မှ ဒုတိယဦးဆောင်သူ အဖြစ်သော်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ် လည်းကောင်း အသီးသီးတာဝန် ခွဲဝေပေးအပ် သွားခဲ့ပါသည်။
မွန်အမျိုးသား ရေးရာ အဖွဲ့ချုပ် (MAU- Mon Affairs Union) သည် ၂၀၀၂ ခုနှစ် ကစပြီး ပြည်တွင်း၊ ပြည်ပ၊ ထိုင်း-နယ်စပ်နှင့် မွန်ပြည်သစ်ပါတီ အင်အားစုများဖြင့် စုပေါင်း ဖွဲ့စည်းထားပါသည်။